သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

နောင်ချိုမြို့နယ် ၌ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုအား သုတေသနပညာရှင်များနှင့် နည်းပညာပေး ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုနှင့်ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရန်၊ နည်းပညာများဖြန့်ဝေရန် နှင့် လိုအပ်ချက်များအပေါ်ပိုမိုသိရှိပြီး ကူညီမှုပေးနိုင်ရန်တို့အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ အပင်ရောဂါသုတေသနဌာနစု တာဝန်ခံ ဒေါ်စီစီစီမြင့်၊ ပိုးမွှားသုတေသနဌာနစု တာဝန်ခံ ဒေါက်တာခင်သိန်းညွန့်နှင့် သက်ဆိုင်ရာ သုတေသနပညာရှင်များနှင့် လူငယ်စိုက်ပျိုးရေး သုတေသီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်၊ ခရိုင်ဦးစီးမှူးနှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေး ပညာပေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဇွန်လ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် နောင်ချိုမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကွင်းဆင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကြိမ်ခနိုင်အုပ်စု၊ နမ့်လင်းခမ်ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာတို့မှ တောင်သူပြောင်းစိုက်ခင်းနှင့် ကြံစိုက်ခင်းများသို့ ဖောငမြှောင်တောင်ပိုး (FAW) ကျရောက်နေမှုများအား ကြည့်ရှု့စစ်ဆေးကြပြီး ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးသို့ ရောက်ရှိကြပြီး အနောက်ကြူအင်းကျေးရွာ၊ ကြိမ်ဂနိုင်ကျေးရွာ၊ ရေမည်းတွင်းကျေးရွာ၊ မျက်ချင်းနုကျေးရွာနှင့် ကံ့ကော်ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံ၍ ဖောငမြှောင်တောင်ပိုး (FAW) ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် အခြားသော သုတေသနလုပ်ငန်းများအပြင် တောင်သူများလတ်တလော ရင်ဆိုင်ကြုံတွေ့နေကြရသည့် ဖောငမြှောင်တောင်ပိုး ပြဿနာအပေါ် ကူညီ ဖြေရှင်းပေးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊(FAW) နှင့် ပတ်သက်၍လည်း စစ်တမ်းများကောက်ယူ အဖြေရှာပြီး တောင်သူများထံ နည်းပညာများ ဖြန့်ဝေပေးလျှက်ရှိရာ တောင်သူများအနေဖြင့် နည်းပညာများအား စနစ်တကျ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အခြားတဘက်တွင်လည်း ဘေးအန္တရာယ်ကင်းသည့် အစားအစာများကို ထုတ်လုပ်နိုင်မှသာ စျေးကွက်ရရှိမည်ဖြစ်၍ ဓာတုပိုးသတ်ဆေးများကို စနစ်တကျ သုံးစွဲရန်နှင့် သတ်မှတ်ထားသည့် အညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များ၏လက်ရှိအင်အားသည် ဒေသအနှံ့ပြည့်စုံအောင်မရောက်ရှိနိုင်ကြသဖြင့် အကျိုးဆောင်တောင်သူများမှ တစ်ဆင့်နည်းပညာများ လက်ဆင့်ကမ်းပြီး တောင်သူမှ တောင်သူသို့ အချင်းချင်းဖလှယ်သည့် နည်းစနစ်အား ကျင့်သုံးရန် လိုအပ်လျက်ရှိနေပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင် က ဖောငမြှောင်တောင်ပိုး (FAW)နှိမ်နင်းရေးအတွက် ဌာနနှင့်တောင်သူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန က
ဖောငမြှောင်တောင်ပိုး (FAW)နှင့် ပတ်သက်၍ နှိုးဆော်ချက်များ ထုတ်ပြန်ထား ရှိသကဲ့သို့ ကျရောက်သည့်စိုက်ကွင်းများအရောက် ကျွမ်းကျင်သူများက ကွင်းဆင်းစစ်ဆေးပြီး တောင်သူများနှင့်အတူ နှိမ်နင်းခြင်း၊ တောင်သူများထံ နည်းပညာများ မျှဝေပေးခြင်း၊ အချိန်မရွေး မေးမြန်းနိုင်ရန်အတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဖြန့်ဝေထားခြင်း၊ တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပိုးမွှားသုတေသနဌာနစု တာဝန်ခံ ဒေါက်တာခင်သိန်းညွန့်က ဖောငမြှောင်တောင်ပိုး (FAW) ၏ သဘာဝ နေထိုင်စားသောက်ပုံ၊ ဖျက်စီးမှုလက္ခဏာ၊ ဖျက်ပိုး၏ဘဝစက်ဝန်း၊ ကြိုတင်ကာကွယ်နှိမ်းနည်းများကိုလည်းကောင်း ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အပင်ရောဂါသုတေသနဌာနစု တာဝန်ခံ ဒေါ်စီစီမြင့် က ဇီဝပိုးသတ်ဆေးများ (Entomopathogenic Fungi) မှိုအကြောင်း သိကောင်းစရာများထဲမှ ဇီဝပိုးသတ်ဆေး ဗော့ဗျူးရီးယားမှို (Beauveria bassiana) နှင့်ပတ်သက်၍ အကျိုးပြုပုံ၊ အသုံးပြုနည်းတို့ကိုလည်းကောင်း ရှင်လင်းပြောကြားကြသည်။

ဗော့ဗျူးရီးယားမှိုသည် အင်းဆက်ပိုးများအား ကပ်ပါးပြု၍ အင်ဇိုင်းနှင့် ကွန်ပေါင်းအမျိုးမျိုး ထုတ်လုပ်ပြီး အင်းဆက်ပိုးမွှားများ၏ အရေပြားကို ထိကပ်၊ ထိုးဖောက်ဝင်ရောက်နိုင်သဖြင့် အပင်ကိုမထိခိုက်စေဘဲ ငမြှောင်တောင် ကဲ့သို့သော အင်းဆက်ကို နှိမ်နင်းနိုင်သည့် ဇီဝပိုးသတ်ဆေးဖြစ်သည်။
အင်းဆက်ကိုသာ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ အင်းဆက်ကို ဝင်ရောက်ပြီးပါက အင်းဆက်တွင် မှိုတက်ခြင်း၊ လက္ခဏာ ဖော်ပြခြင်း၊ အပင်စိမ့်ထွက်ရည်ကြောင့် မှိုတွင် စပိုးများဖြစ်ပေါ်ပြီး ပင်ရည်ပျံခြင်းဖြစ်စဉ်သည် မှိုမျိုးပွားနှုန်းမြန်လာစေခြင်း၊ Entomogenous Fungi သည် အဓိကအားဖြင့် Destruxin နှင့် Aflatoxin အဆိပ်ထုတ်လုပ်ပြီး အင်းဆက်ကို အဆိပ်သင့်စေခြင်းဖြင့် နှိမ်နင်းနိုင်ကြောင်းသိရသည်။
စိုက်ပျိုးရေး သုတေသနပညာရှင်များနှင့် ပညာပေးဝန်ထမ်းများအဖွဲ့သည် နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာန က စမ်းသပ်သုတေသနပြုထားသော ဖောငမြှောင်တောင်ပိုး (FAW) ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် (Integrated Pest Management – IPM) အသုံးပြုထားသည့် ပြောင်းစိုက်ခင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ အဆိုပါ စိုက်ခင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသနပြု ထုတ်လုပ်ထားသော အကျိုးပြု အဏုဇီဝကပ်ပါးမှိုဖြစ်သည့် ဗော့ဗျူးရီးယားမှို၊ ဇီဝပိုးသတ်ဆေးအား ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရန် ပြောင်းစိုက်ခင်းအတွင်း တစ်ပတ်ခြား တစ်ခါ ဖျန်းပေးရေး ဆွေးနွေးမှာကြားခဲ့သည်။

အလားတူ နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာရှိ တောင်သူ ဦးပူတူးအောင်၏ ပြောင်းစိုက်ခင်းတွင် အလင်းထောင်ချောက်များ (Light Trap)၊ အနံ့ထောင်ချောက်များအား ထားရှိ၍ ဖောငမြှောင်တောင်ပိုး (FAW)ကာကွယ်နှိမ်နင်းသည့် နည်းစနစ်များကို တောင်သူစိုက်ခင်းအရောက် လက်တွေ့ပြသခဲ့ပြီး တောင်သူများသိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။