သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

FAO နှင့် Landesa တို့ ပူးပေါင်း စီစဉ်သည့် ဗီယက်နမ်နိုင်ငံ၏ မြေယာဆိုင်ရာ လေ့လာရေးခရီးစဉ် ၏ အတွေ့အကြုံရှင်းလင်း

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)နှင့် Landesa တို့၏ ပူးတွဲ အစီအစဉ်အရ ဗီယက်နမ်နိုင်ငံ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် မြေယာပြုပြင် ပြောင်းလဲရေး လုပ်ငန်းရပ်များနှင့်စပ်လျဉ်းသော လေ့လာရေးခရီးစဉ်ဆိုင်ရာ အတွေ့အကြုံ များအား ရှင်းလင်း တင်ပြခြင်းအစီအစဉ်ကို စက်တင်ဘာလ (၂၇) ရက် နေ့ နံနက် ၁၀ နာရီအချိန် က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျင်းပ ပြုလုပ်ရာ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ရေးရာကော်မတီများမှ တာဝန်ရှိသူများ ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသက်နိုင်ဉီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြပြီး  အမြဲတမ်းအတွင်းဝန် က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက်လေ့လာရေးအဖွဲ့ဝင်များက ဗီယက်နမ်နိုင်ငံ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများ နှင့် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်း ရပ်များဆိုင်ရာ လေ့လာခဲ့မှု အတွေ့အကြုံ များ ကို ရှင်းလင်းတင်ပြကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန နှင့် Landesa အဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သော မြေယာပြုပြင်ပြောင်းလဲရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပံ့ပိုးကူညီမှု နားလည်မှု စာချွန်လွှာ အရ Landesa သည် မူဝါဒနှင့် ဉပဒေရေးဆွဲရေးဆိုင်ရာ အစီအစဉ်များ၊ စည်းမျဉ်းများနှင့် အာမခံချက်များ စသည့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရန် နှင့် မြေယာဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး တို့ကို ရည်ရွယ်၍ FAO နှင့် Landesa တို့ပူးပေါင်းစီစဉ် ကာ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ၂၃ ဦးပါ အဖွဲ့အား ဗီယက်နမ်နိုင်ငံ သို့ လေ့လာရေးခရီးစဉ် တစ်ရပ်ကို ပံ့ပိုး စီစဉ်ပေး ခဲ့ခြင်းဖြစ်သည်။

လေ့လာရေးခရီးစဉ်အတွင်း ဗီယက်နမ် နိုင်ငံ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်း ရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည့် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ရပ်ရွာ အခြေပြု မြေယာစီမံခန့်ခွဲရေး အဖွဲ့များ၊ တောင်သူများ နှင့်တွေ့ဆုံလျက် မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော လုပ်ငန်းများနှင့် စပ်လျဉ်းသော မြေယာအသုံးပြုခွင့်များအား လေ့လာဆွေးနွေး ခဲ့ကြ ကြောင်း သိရှိရသည်။