၁။ မျိုးရင်း။ ။Compositae. (နေကြာမျိုးရင်း)
၂။ ရုက္ခဗေဒအမည်။ ။ Enhydra fluctuans Lour.
၃။ အခေါ်အဝေါ်-
မြန်မာအမည်-ကနဖေါ့။
၄။ ပုံသဏ္ဍာန် –
အပင် ။ ။ ရေစပ်ရွှံ့ညွန်များ၌ပေါက်သည့် ပင်ပျော့ပင်ငယ်မျိုးဖြစ်သည် အမြင့် ၁ – ၂ပေထိရှိ၏၊ တပင်လုံး ပြောင်ချောနေသည်။ (သို့မဟုတ်) တခါတရံ အမွေးနုများ ဖုံးလွှမ်းနေသည်၊ ကိုင်ဖြာသည်၊ အဆစ်များမှ ဖေါ့ကဲ့သို့ ပေါ့ပါးသော အဖြူရောင်အမြစ်များ ဖြာထွက်သည်။
အရွက် ။ ။ ရွက်ဆိုင်အလှည့်ကျထွက်သည်။ အရွက်များသေးသွယ်ပြီး ငှက်တောင်ပုံရှိသည်၊ ၁ လက်မ မှ ၃ လက်မ ထိ ရှည်သည်၊ ရွက်ရင်း ကျဉ်းသွယ်သည်၊ ရွက်ညှာမဲ့၍ ရွက်နားညီသည်၊ (သို့မဟုတ်) သေးငယ်သော ခွေးသွားစိပ်များရှိသည်။
အပွင့် ။ ။ စိမ်းနုရောင်ရှိသည် ပွင့်ညှာမဲ့သည်၊ ထိပ်ထွက်ပန်းပွင့်ဖြစ်သည်၊ ပွင့်ချိန်မှ သီတင်းကျွတ်လမှ တပေါင်းလအထိ ဖြစ်သည်။
အသီး ။ ။ တစ်စေ့သီးဖြစ်သည်။
၅။ ပေါက်ရောက်သည့်ဒေသ။ ။ အလွန်အေးသော အရပ်ဒေသများမှ အပ မြန်မာနိုင်ငံအနှံအပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။
၆။ ပေါက်ရောက်ပုံံ။ ။ သဘာဝအလျောက် အလေ့ကျပေါက်သည်။
၇။ အသုံးပြုသည့်အစိတ်အပိုင်း။ ။ ပဥ္စငါးပါး၊ အများအားဖြင့်အရွက်ကို သုံးသည်။
၈။ အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ၊ ကနဖေါ့သည် ငန်ခါးအရသာရှိ၏။ အေးသော သတ္တိရှိ၏။ အနည်းငယ်ဝမ်းသက်စေ၏။ သည်းခြေ၊ သလိပ်ကိုနိုင်၏။ ဖေါရောင်ခြင်း၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေးစေ၏။
၉။ အသုံးဝင်ပုံ –
အရွက် ။ (၁) အရွက်ကိုကြိတ်၍ ဦးခေါင်းတွင်အုံးပေးခြင်းဖြင့် ဦးနှောက် ပူခြင်း ကို အေးစေသည်။ ရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
(၂) အရွက်ရည်ကို နွားနို့ နှင့် ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။
ပဥ္စငါးပါး ။ (၁) ကနဖေါ့ကိုပြုတ်၍ တို့စားခဲ့သော်၎င်း ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော် ဖေါရောင်ခြင်းပျောက်၏။
(၂) ကနဖေါ့ ပဥ္စငါးပါးရည် အနည်းငယ်မျှသောက်သော် ကျောက်ဖြူ ပေါက်သောရောဂါ၊ အရေပြားရောဂါ၊ ချဉ်ဆီတိုးသော ရောဂါများ ပျောက်ကင်း၏။
(၃) ကနဖေါ့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
(၄) ကနဖေါ့ တပင်လုံးအား ဆန်ဆေးရည်၊ မုန်ညင်းဆီ ထည့်၍ ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်းအားနည်းသော ရောဂါကို ပျောက်ကင်းစေ၏။
လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း ၏ ၁၅-၅-၁၉၈၀နေ့ထုတ် မြန်မာ့ဆေးဝါးပင်များစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။