ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင်မိတ်ဆက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နှင့် ကမ္ဘာ့ဘဏ်(The World Bank) တို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က  နေပြည်တော် ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်  နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ၊ INGOs, NGOs များ ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌ ကမ်းရိုးတန်း ရေဝပ်ဒေသ ပျက်စီးခြင်း၊ ဒီရေတောနှင့် သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်း တို့သည် ရေနေ သတ္တဝါ မျိုးစိတ်များ၏ သားပေါက်ရာ နေရာများကို အဓိကကျဆင်းစေသည့် အချက်များဖြစ်ကြောင်း၊  ငါးလုပ်ငန်း၏ ပြဿနာ ရပ်များသည် ငါးလုပ်ငန်းကဏ္ဍတစ်ခုထဲ အတွက်သာ မကဘဲ အခြားသော ကဏ္ဍရပ်များ နှင့်လည်း အပြန်အလှန်ဆက်နွယ်နေသကဲ့သို့ ကမ္ဘာလုံး ဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာ ရပ်များနှင့်ပါ ဆက်နွယ်နေလျက်ရှိကြောင်း၊

ငါးလုပ်ငန်းကို ဖျက်ဆီးနိုင်သော ငါးဖမ်းဆီးမှုများ၊ လွဲမှားသည့် ငါးလုပ်ငန်းစီမံခန့်ခွဲ မှုများ၊ မြေပြင်အခြေပြုသည့် ရေညစ်ညမ်းမှုများ၊ တရားမဝင် ငါးမွေးမြူမှုများ၊ အန္တရာယ် ဖြစ်စေသည့် မျိုးစိတ်များ၊ လူနေမှုထူထပ်လာမှုနှင့်အတူ ဖွံ့ဖြိုးလာမှုများ၊ ခရမ်းလွန်ရောင် ခြည် မြင့်မားလာမှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သမုဒ္ဒရာရေတို့တွင် အက်ဆစ်ဓါတ် မြင့်မားလာမှုများ စသည်တို့သည် ငါးလုပ်ငန်းကဏ္ဍကို ခြိမ်းခြောက်လျက်ရှိနေသည့် အန္တရာယ်များဖြစ်ကြောင်း၊

ငါးသယံဇာတလျော့ကျလာမှုနှင့် ပတ်သက်၍ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖြစ်စဉ်အကြောင်းအရာများကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ ငါးလုပ်ငန်းကဏ္ဍကို ငါးအလွန်အကျွံ ဖမ်းဆီးမှုကသာ ခြိမ်းခြောက်ခြင်း မဟုတ်တော့ဘဲ ငါးထုတ်လုပ်မှုကျဆင်းမှုကလည်း ခြိမ်းခြောက်လျက် ရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း၊

ထိုစိန်ခေါ်မှုများကို တုန့်ပြန်နိုင်ရန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ဂေဟစနစ် ကို အခြေခံသည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေရှည်ဖွံ့ဖြိုးမှု မူဝါဒများ ချမှတ်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောကြားရာတွင် မြန်မာနိုင်ငံ သည် သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲများ အစုံလင်ဆုံး တွေ့ရှိ နိုင်သည့် နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံ၏ သယံဇာတများကို ရေရှည်တည်တံ့ စေသော နည်းလမ်းများနှင့် စီမံခန့်ခွဲရန် အလွန်အရေးကြီးကြောင်း၊

ယခုအစီရင်ခံစားတွင် ဥပဒေကြောင်းအရ ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ အခြေအနေများ အရ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ထား ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) ဆောင်ရွက်ခြင်းသည် ကြီးမားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ ဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများကို သတ်မှတ် ဖော်ထုတ်ပြီး စီမံခန့်ခွဲနိုင်ရန်အတွက် အရေးပါသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးစုပေါင်းပါဝင်မှုတို့ကိုလည်း ဟန်ချက်ညီစေမှာ ဖြစ်ကြောင်း။

သယံဇာတများကို အခြေခံသည့် ကြီးမားသည့် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများကြောင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသော်လည်း စီးပွားရေးလျင်မြန်စွာ တိုးတက်လာမှုက ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအသစ်များ ကို ယူဆောင်လာတတ်သည် ကို သတိပြုကြရမှာဖြစ်ကြောင်း။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပြည့်စုံလုံလောက် သည့် စီမံဆောင်ရွက်မှုများ မရှိပါက သယံဇာတ ယိုယွင်းပျက်စီးခြင်း၊ ရေ၊ လေ၊ မြေ ညစ်ညမ်းမှု အပါအဝင် ပတ်ဝန်းကျင်ပြဿနာများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြို့ပြများ လျင်မြန်စွာ ကြီးထွားလာခြင်းနှင့် စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့် ပတ်ဝန်းကျင် ဆိုင်ရာ ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာစေနိုင်ပါကြောင်း။

ထို့ကြောင့် စွန့်ပစ်ပစ္စည်းနှင့်ပတ်သက်ပြီး မကြာမီ ထုတ်ပြန်နိုင်ရန် စီစဉ်နေသည့် မြန်မာနိုင်ငံ အမျိုးသားစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် များ ဖြစ်သော နိုင်ငံသားများ အားလုံးအတွက် ကောင်းမွန်သော စွန့်ပစ်ပစ္စည်း သိမ်းဆည်းသည့် ဝန်ဆောင်မှုစနစ် ဆောင်ရွက်ပေးခြင်း၊ မြို့ကြီးများတွင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် မီးရှို့ခြင်းများကို လျှော့ချပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်စေသည့် စွန့်ပစ် ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား သတ်မှတ်ပြဌာန်းခြင်း စသည့် အချက်များကို ရည်မှန်းချက်အဖြစ်ထားရှိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

        ထို့နောက် ကမ္ဘာ့ဘဏ် မှ တာဝန်ရှိသူက မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ ဆောင်ရွက်ခဲ့မှုများ အား ရှင်းလင်း ပြောကြားပြီး ပတ်ဝန်းကျင် ဆိုင်ရာ စမ်းစစ် လေ့လာချက် မှတ်တမ်းတင်ဗီဒီယိုကိုပြသသည်။

ယနေ့ မိတ်ဆက်တင်ပြသည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ တွင် သစ်တောကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း စနစ် နှင့် အစိုင်အခဲ စွန့်ပစ်ပစ္စည်း၊ ပလပ်စတစ် နှင့် လေထုညစ်ညမ်းခြင်း စသည့် ကဏ္ဍများ၏ အခြေအနေကို ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ထားပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန် လာစေရေးအတွက် လုပ်ဆောင်ရန်လိုအပ်သည့် သီးခြားလုပ်ငန်းစဉ်များ၊ အကြံပြုချက်များ နှင့် လမ်းပြမြေပုံတို့ကို ဖော်ထုတ်တင်ပြထားသည်။

အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် နှင့် သဘာဝသယံဇာတများ၏ ဦးတည်ရာ အလားအလာများကို ပိုမိုသိရှိနားစေခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် လိုက်နာ ဆောင်ရွက်စေခြင်းအပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာစနစ် ပိုမို အားကောင်းလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် အစိုင်အခဲစွန့်ပစ် ပစ္စည်း နှင့် လေထုညစ်ညမ်းမှုများကို စောင့်ကြပ်ကြည့်ရှုမှု၊ စီမံခန့်ခွဲမှုများ၏ အရေးပါပုံ တို့ကို ကောင်းစွာ သိရှိနားလည်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။