စိုက်ပျိုးရေးဦးစီးဌာန က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(၁) ဒေသခံတောင်သူများ အား ဓါတ်မြေသြဇာ၊ ကော်ဖီ နှင့် ရော်ဘာပျိုးပင်များ ၊ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေးများ ပေးအပ်ခြင်း နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီက
နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာ ရှိ ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို က အဖွင့်အမှာစကား ပြောကြားပြီး
ခရိုင်စိုက်ပျိုးရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က နည်းပညာပေး သင်တန်းနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
၄င်းနောက် ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဒေသခံတောင်သူများ အား ထောက်ပံ့ပစ္စည်းများ အသီးသီးပေးအပ်ကြပြီး စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP)၊ သဘာဝမြေသြဇာနှင့် တပိုင်တနိုင်မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်းများ ကို ပညာရှင်ဝန်ထမ်းများက ဆွေးနွေး ဟောပြောကြသည်။
ဆက်လက်၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ လေ့လာနိုင်ရန်အတွက် တောင်သူပညာပေးပိုစတာများပြသခြင်း ရှမ်း၊ လားဟူ ဘာသာစကားဖြင့် ပြန်ဆိုထားသော လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး
ဒေသခံ တောင်သူများ၏ သိရှိလိုသည်များကို ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ အဆိုပါ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား သို့ တောင်သူ(၁၂၈)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။