သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အပင်မျိုးသစ်များစစ်ဆေးခြင်းဆိုင်ရာ Distinctness, Uniformity & Stability (DUS ) Test သင်တန်း/ဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစု၊ အရှေ့အာရှ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဖိုရမ် EAPVPF နှင့် Syngenta Foundation တို့ ပူးပေါင်း ဆောင်ရွက်သည့် “အပင်မျိုးသစ်များ (ဥပမာ- ခရမ်းချဉ်မျိုးသစ်) စစ်ဆေးခြင်းဆိုင်ရာ Distinctness, Uniformity & Stability (DUS) Test သင်တန်း/ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ( ၁ )ရက်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ EAPVP Forum Office, Ministry of Agriculture, Forestry and Fisheries (MAFF) of Japan နှင့် Department of Crop Production, Ministry of Agriculture and Rural Development of Vietnam မှ ပညာရှင်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သက်ဆိုင်ရာဌာနစုများ၊ နယ်သုတေသနခြံများမှ သင်တန်းသား/ သင်တန်းသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ယခုကျင်းပပြုလုပ်သည့် သင်တန်း၏ ရည်ရွယ်ချက်သည် လက်ရှိပြဌာန်းထားသော အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို အကောင်အထည်ဖော်ရာတွင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခြေခံသိရှိရမည့် ပညာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သူများ အနေဖြင့် သင်တန်းက ပို့ချသည့် နည်းပညာများအား လုပ်ဖော်ကိုင်ဖက်များသို့ ပြန်လည်မျှဝေ ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပင်မျိုးသစ်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ ကျင့်သုံးရန် ဆောင်ရွက်နေသည့်အတွက် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် အပင်မျိုးသစ်များ စစ်ဆေးခြင်းဆိုင်ရာ နည်းစနစ်များအား စနစ်တကျ သိရှိရန်လိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားသည့်အခါတွင်လည်း လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား သိရှိထားရမည် ဖြစ်ကြောင်း၊ DUS Test သည် လျှောက်ထားလာသည့် အပင်မျိုးသစ်များ ဟုတ်/မဟုတ် စစ်ဆေးရာတွင် အဓိကလုပ်ဆောင်ရမည့် ပညာရပ်တစ်ခုဖြစ်၍ သေချာလေ့လာစေလိုကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး က ပြောသည်။

အဆိုပါ သင်တန်း/ ဆွေးနွေးပွဲကို (၁.၁၀.၂၀၁၉) မှ (၄.၁၀.၂၀၁၉) ရက်နေ့အထိ၊ (၄) ရက်တာ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။