ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရေး ဆွေးနွေး

“ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်း လက်ငင်း အကျိုးဖြစ်ထွန်းစေမယ့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်း၊ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပိုမိုတိုးမြှင့် ဆောင်ရွက် သွားဖို့ ဖြစ်တယ်” ဟု ၂၀၁၉ခုနှစ် ဇွန်လ ၌ကျင်းပခဲ့သည့် ဘဏ္ဍာရေးကော်မရှင် (၃/၂ဝ၁၉) အစည်းအဝေး တွင် ပြောကြား ခဲ့သည့် နိုင်ငံတော်သမ္မတ ၏ မှာကြားချက်အား လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း စီမံချက် လုပ်ငန်းများအပေါ် ပိုမိုအားစိုက် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ နေပြည်တော်ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော် က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာ စကား ပြောကြားရာ၌ ပြည်သူကို တိုက်ရိုက် ချဉ်းကပ်ဆောင်ရွက်ရသော ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက် အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်နှင့် ဘဏ္ဍာငွေတောင်းခံသုံးစွဲမှု ဟန်ချက်ညီစွာဖြင့် ငွေစာရင်း ဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းများ နှင့် ညီညွတ်မှုရှိရန်လိုကြောင်း၊

မိမိတို့တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် ပြည့်ဝစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် လိုအပ် သကဲ့သို့ မိမိတို့ဝန်ထမ်းများ၏ အရည် အသွေး တိုးတက်လာစေရေးအတွက် စောင့်ကြည့် သုံးသပ် ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်ကို လည်း သတိပြု ကြ စေ လို ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့် တို့က မိမိတို့၏ အတွေ့အကြုံ ကောင်းများ၊ ဗဟုသုတများ၊ နည်းပညာများကို မျိုးဆက်သစ်များအား မျှဝေပေးခြင်းဖြင့် အနာဂတ်အတွက် အမွေကောင်းများပေးစွမ်းနိုင်ရေး ကြိုးပမ်းကြ စေလိုကြောင်း ဆွေးနွေး မှာကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ကျေးလက်ရေရရှိရေးစီမံကိန်းဖြင့် ကျေးရွာ (၂၃၂၃)ရွာရှိ  အိမ်ခြေ(၃.၆၉၇)သိန်း မှ လူဦးရေ (၁၈.၂၁၉) သိန်းကိုအကျိုးပြုလျက်ရှိပြီး မြို့နယ် ၂၂ မြို့နယ်တွင် မြို့ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျေးလက်မီးလင်းရေး ICB-2 စီမံကိန်းဖြင့် တစ်အိမ်သုံးဆိုလာစနစ် ၁၃၆၆ ရွာ ၊ အသေးစားဓာတ်အားစနစ် ၃၅ ရွာ ၊ ICB-3 စီမံကိန်းဖြင့် တစ်အိမ်သုံးဆိုလာစနစ် ၂၃၆၇ ရွာ ၊ အသေးစားဓာတ်အားစနစ် ၁၉ ရွာ တို့၌ ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေး လျက်ရှိသည်။

ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များရှိ မြို့နယ် ၂၁ မြို့နယ်ရှိ ကျေးရွာ ၁၇၄ ရွာ တွင် ကျေးလက်အိမ်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သီးနှံစိုက် ဧရိယာ ၁၃၉၃၈၉ ဧက ကိုအကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ၂၆၄မိုင် ၂.၆၉ဖာလုံ ၊ ကျေးလက်ကုန်ထုတ်တံတား ၂၂၃ စင်း ဆောင်ရွက်ပေးလျက်ရှိသည်။

လူထုဗဟိုပြုစီမံကိန်း ဆဌမနှစ်စက်ဝန်းကို မြို့နယ် ၅၄ မြို့နယ်ရှိ ကျေးရွာ ၁၀၂၁၈ ရွာ တွင် စီမံကိန်းလုပ်ငန်း ၆၆၃၃ ခု နှင့် ဖွံ့ဖြိုးရေးသင်တန်း ၅၉၈၅ ကြိမ် ဆောင်ရွက်ပေး နိုင်ခဲ့သည်။

၂၀၁၈-၂၀၁၉ခုနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို ၉၄၄ ရွာ၌ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၈ နှစ်အတွင်း ၁၁၀၉၈ ရွာဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တစ်နိုင်ငံ လုံးရှိကျေးရွာများ၏ ၁၇.၃၄%ကို လွှမ်းခြုံနိုင်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းVDP  ဖြင့် ကျေးရွာ ၂၇၄၆ ရွာရှိ အိမ်ခြေ ၄.၅၇ သိန်း မှ လူဦးရေ ၂၀.၇၆ သိန်းကို အကျိုးပြုလျက်ရှိသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ(GAP) ကောင်းမွန်သော တိရစ္ဆာန် မွေးမြူ ရေးကျင့်စဉ် (GAHP)၊ ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ် (GAqP) သင်တန်းပေါင်း ၂၁၃၈ ကြိမ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ သင်တန်း ၁၉၂ ကြိမ်၊ မွေးမြူရေးနှင့်ကုသရေး ဆိုင်ရာသင်တန်း ၂၇ ကြိမ်၊ ကွန်ပျူတာဆိုင်ရာသင်တန်း ၅၄ ကြိမ်၊  ဒီဇယ်/လျှပ်စစ်ဆိုင်ရာ သင်တန်း ၇၃ကြိမ် ၊ လက်သမား/ပန်းရံသင်တန်း ၉၉ကြိမ်၊ အိမ်တွင်းမှုဆိုင်ရာသင်တန်း ၃၀၉ ကြိမ် ၊ အခြားသင်တန်းများ ၂၅၈ ကြိမ် တို့ကို သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။