စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဇနီး ဒေါက်တာဌေးဌေးစိုး တို့အား အမှူးထား ၍ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မနာဒ ပရိယတ္တိစာသင်တိုက် တွင် ဝါဆို ဝါကပ်တော် မူကြသော သံဃာတော် အရှင်မြတ်များအား ကထိန်သင်္ကန်းကပ်လှူခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စာသင်တိုက်ရှိ ရွှေစင်မုနိကျောင်းတိုက် ၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဇနီး ဒေါက်တာဌေးဌေးစိုး သား မောင်ခန့်ပိုင်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ အရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များတက်ရောက်ကြသည်။
ဓမ္မနာဒ ပရိယတ္တိစာသင်တိုက် တွင် ဝါဆိုဝါကပ်တော် မူကြသော သံဃာတော် အရှင်မြတ်များအား ကထိန်သင်္ကန်းကပ်လှူခြင်း အခမ်းအနားတွင် တိပိဋကဓရ တိပိဋက ကောဝိဒ ဓမ္မဘဏ္ဍာဂါရိက မြင်းမူဆရာတော် ဘဒ္ဒန္ဒဝံသပါလာလင်္ကာရ ဆရာတော် က သီလပေး တရားချီးမြှင့်ပြီး ၊ ရွှေစင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဘဒ္ဒန္ဒ ဂန္ဓမာလာလင်္ကာရ ဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူသည်။ ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္ဒဣန္ဒာစရိယ ဆရာတော်က ရေစက်ချတရားချီးမြှင့်ရာ ပရိတ်သတ်များက ကောင်းမှုအစုစုတို့အတွက် အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။
ယင်းနေ့နံနက်ပိုင်က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်း ထည့်ဝင် လှူဒါန်းငွေ ကျပ်သိန်း ၅၆၀ ကို ဓမ္မနာဒ ပရိယတ္တိစာသင်တိုက် စာချ စာသင် သံဃာတော် အရှင်မြတ်များ အတွက် ရာသက်ပန် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အထိမ်းအမှတ် ကျောက်စာတိုင်အား တိပိဋက အရှင်မြတ် ၃ ပါး တို့က အမွှေးနံ့သာရည်ပက်ဖျမ်းပေးသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဇနီး ဒေါက်တာဌေးဌေးစိုး နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျမ်း၍ အနုမောဒနာပြုကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဇနီး ဒေါက်တာဌေးဌေးစိုး သား မောင်ခန့်ပိုင်ထွန်း မိသားစုက ဒါယကာခံယူ၍ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက မြင်းမူဆရာတော် ဘဒ္ဒန္ဒဝံသပါလာလင်္ကာရ ၊ ရွှေစင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဘဒ္ဒန္ဒဂန္ဓမာလာလင်္ကာရ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္ဒဣန္ဒာစရိယ အရှင်မြတ် ၃ ပါးတို့အား သိက္ခာထပ်အလှူ မင်္ဂလာ ကျင်းပပြီး ညွှန်ကြားရေးမှူးချုပ် မိသားစု က တိပိဋက အရှင်မြတ် ၃ ပါး အတွက် နဝကမ္မ အလှူတော်ငွေ တစ်ပါးလျင် ၁၀သိန်းကျပ်စီ လှူဒါန်းကြသည်။
သိက္ခာထပ်အလှူတော်မင်္ဂလာတွင် တိပိဋက အရှင်မြတ် ၃ ပါး နှင့် ပင့်သံဃာအပါး ၈၀ တို့အား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ အရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များက သိမ်ဆင်း ဆွမ်းလောင်းလှူကြသည်။
စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူ ကို နေပြည်တော်တွင်လည်းကောင်း၊ ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူကို ရှမ်းပြည်နယ် ပင်လောင်း တွင်လည်းကောင်း လှူဒါန်းခဲ့ကြပြီး မင်းကွန်းတောင်ရိုး ဓမ္မနာဒ ပရိယတ္တိစာသင်တိုက် ၌ ယခုလှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် သည် စိုက်ပျိုးရေး ဦးစီး ဌာန ဝန်ထမ်းမိသားစုများ ၏ တတိယအကြိမ် အလှူတော်မင်္ဂလာဖြစ်သည်။