သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒုတိယပြည်နယ်ဦးစီးမှူးများ အား လုပ်ငန်းလမ်းညွှန်မှာကြား

စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး များနှင့် တွေ့ဆုံသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၄၃)အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ်က ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် ဒုတိယပြည်နယ် ဦးစီးမှူးများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် တာဝန် ယူမှု တာဝန်ခံမှုနှင့်အတူ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်၊ ရုံးလုပ်ငန်းများနှင့် ဝန်ထမ်းရေး ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဒု-တိုင်းဦးစီးမှုးများက စနစ်တကျ ကြပ်မတ်ဆောင်ရွက် ကြရန်လိုအပ်ပြီး ဝန်ထမ်းများအပေါ် ညီတူမျှတသည့် အခွင့် အလမ်းရရှိစေမှု၊ လူမှန် နေရာမှန် တာဝန်ပေးအပ်မှုတို့နှင့်အတူ ဝန်ထမ်းများလုပ်ငန်းခွင်ပျော်ရွှင်စေရေး   စီမံ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများ သင်တန်းများကို အခြေခံ၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် တောင်သူလိုအပ်ချက်နှင့် ကိုက်ညီသည့် ပညာပေးဆွေးနွေးပွဲ သင်တန်းများကို ကြိုတင်ကြေညာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အရည်အသွေးမြင့်သင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒုတိယတိုင်းဦးစီးမှုးများ/ ဒုတိယပြည်နယ်ဦးစီးမှုးများသည် စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့်အတွက် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့များ အရည်အသွေးမှန်ကန်ရေး နှင့် ခွင့်ပြုထားသည့် အရည်အသွေးအတိုင်း မှန်ကန်မှု ရှိ /မရှိ စသည့် စစ်ဆေးရေးလုပ်ငန်းများကို တိုင်း/ပြည်နယ် အလိုက်  အရှိန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

တိုင်း/ပြည်နယ်များတွင် သုတေသန၊ နည်းပညာပေး နှင့် စိုက်နည်းစနစ် ဆောင်ရွက်ချက်များကို ခိုင်မာစွာနှင့် အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရန်နှင့် ပါဝင်ဆောင်ရွက်သူဝန်ထမ်းများကလည်း စွမ်းဆောင်ရည် ပြည့်ဝရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် စမ်းသပ်ကွက်၊ စံပြ ကွက်များ ဆောင်ရွက်နိုင်ရေး မိမိတို့နှင့်သက်ဆိုင်ရာ ဒေသအလိုက် နည်းပညာလိုအပ် ချက်နှင့် ရန်ပုံငွေကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များကို ရုံးချုပ်နှင့် တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး တို့က ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းလိုအပ်ချက်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်များကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ ပြည်နယ်ဦးစီးမှူးများ က သက်ဆိုင်ရာ တာဝန်ယူဆောင်ရွက်ရသည့် ဒေသအလိုက် လုပ်ငန်းလိုအပ်ချက်များ၊ နည်းပညာပေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရန်ပုံငွေ နှင့် ကိုက်ညီစွာ စီမံဆောင်ရွက်ထားမှုများ၊  ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆက်လက်  ဆောင်ရွက်ရန် စီမံထားရှိမှုများ ကို အသီးသီး ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်  နှင့် တာဝန်ရှိသူများက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။