သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်း ကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

သီးနှံအထွက်နှုန်းတိုးတက်ရေး သာမက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် အဆင့်မြင့် နည်းပညာများ အသုံးပြုနိုင်ရေးကို နည်းလမ်းမျိုးစုံမှ စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ နည်းပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝစေရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကိုလည်း စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသ အလိုက်၊ ဌာနအလိုက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၄၃  အစည်းအဝေးခန်းမ၌ စီမံခန့်ခွဲရေးဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားရေးသင်းတန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် နှင့် ဦးဇော်ထွန်းမြင့် ၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ စီမံခန့်ခွဲရေးအပိုင်းတွင် တာဝန်ယူဆောင်ရွက် နေကြသော အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝရေး၊ သက်ဆိုင်ရာဘာသာရပ်အား အခါအား လျော်စွာ အလိုက် လေ့လာ ဆည်းပူးနိုင်ရေး၊ အတွေ့အကြုံများအား လက်ဆင့်ကမ်း မျှဝေခြင်း၊ အမြင်ချင်းဖလှယ်ဆွေးနွေး နိုင်ရေးဆောင်ရွက်ပေးခြင်းဖြင့် မိမိဝန်ကြီးဌာန က ချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် တောင်သူ လယ်သမားများ ၏ လူမှုစီးပွားဘဝ အခြေအနေ မြင့်မားတိုးတက် လာစေရေး နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပါဝင်လာနိုင်ကြမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်  ဝန်ထမ်းများအားလုံး ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် ပြည့်ဝစေရေးအတွက်  နည်းပညာပြန့်ပွားရေး၊ စီမံခန့်ခွဲရေး၊ ငွေစာရင်း နှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။