သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ် တောင်ပိုင်း သုတေသနခြံများ ၌ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သုတေသနများတိုးမြှင့်ဆောင်ရွက်

              စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း သည် ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံသို့ ရောက်ရှိပြီး၊ ဝန်ထမ်း တစ်ဦးချင်း စီ၏ လုပ်ငန်းတာဝန် ခွဲဝေမှုများအား ကြည့်ရှု စစ်ဆေးခြင်း နှင့် လက်ရှိစိုက်ပျိုးထားသည့် ပြောင်း ၊ ပဲပုပ်နှင့် ယာစပါး စမ်းသပ် ကွက်များအား ကွင်းဆင်းကြည့်ရစစ်ဆေးပြီးနောက် ရှမ်းပြည်နယ် ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဦးကြိုင်၊ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်း နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံအား Regional Research Center(RRC) အဖြစ်သို့ အဆင့် မြှင့်တင်မည့် ကနဦး မိတ်ဆက်အစီအစဉ်ကို ရှင်းလင်းပြောကြား ဆွေးနွေးသည်။

       တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် က သုတေသနခြံများ အနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီသော ကိုယ်ပိုင်မျိုးများ ရရှိရန် သုတေသန ပြုလုပ် ဆောင်ရွက်ပြီး၊ မျိုးသန့်များ ပွါးများ၍ တောင်သူများထံသို့ ဖြန့်ဖြူးပေးရန် လိုပါကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် Overlap မဖြစ်စေရန် ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးစနစ်သို့ ပြောင်းလဲခြင်း အစီအစဉ်ဖြင့် ဒေသကိုယ်စားပြု သုတေသနဗဟိုဌာနများ ထားရှိ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံ အား ရှမ်းပြည်နယ် စိုက်ပျိုးရေးဒေသသုတေသနဗဟိုဌာန(RRC) အဖြစ် တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဒေသသုတေသနဗဟိုဌာနကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန လက်အောက်ရှိ ဒေသသုတေသနခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ မျိုးစေ့ထုတ်ခြံများ၊ တိုးချဲ့ပညာပေးရေး အဖွဲ့များ၊ ဒေသတွင်းရှိ အစိုးရဌာန မဟုတ်သော ပုဂ္ဂလိကနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ချိတ်ဆက်၍ (Network) အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှမ်းပြည်နယ်၏ အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ခေတ်မီဆန်းသစ်သောနည်းပညာများကို အခြေခံသည့် သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန က သိရှိရသည်။

ပညာရှင်များ အချင်းချင်း သုတေသနရလဒ်၊ တွေ့ရှိချက်များကို အပြန်အလှန် မျှဝေခြင်းအားဖြင့် မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည့်ပြည့်ဝဝ အသုံးချ လာနိုင်မည်ဖြစ်ပြီး၊ ဒေသလိုအပ်ချက် အမှန်ဖြစ်သည့် သီးနှံမျိုးများနှင့် စိုက်ပျိုးနည်း စနစ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် သင့်တော်သည့် သီးနှံပုံစံများ၊ စျေးကွက် ဖော်ဆောင်နိုင်မည့် သီးနှံအမယ်သစ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်လည်းဖြစ်သည်။

ထိုမှတဆင့် ညွှန်ကြားရေးမှူးချုပ် သည် တာယော စိုက်ပျိုးရေးသုတေသနခြံနှင့် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံများသို့ ရောက်ရှိပြီး ၂၀၁၈ -၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် ဆောင်ရွက်ထားရှိသည့် သုတေသနလုပ်ငန်းများ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန် ခွဲဝေမှုများ နှင့် လုပ်ငန်းဆိုင်ရာများ တွေ့ဆုံမေးမြန်းကာ လိုအပ်ချက်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ခြံအတွင်း စိုက်ပျိုးထားသည့် ပဲတီစိမ်းမျိုးများ သရုပ်ပြ စိုက်ပျိုးခြင်းစမ်းသပ်ကွက်၊ ပဲပုပ်မျိုးများ ဒေသအဆင့် အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ် ကွက်များနှင့် ခရမ်းချဉ်သီးနှံအား အမိုးအကာအောက်တွင် အစက်ချရေပေးနည်းစနစ်ဖြင့် စိုက်ပျိုးထားရှိသည့် စမ်းသပ်ကွက်များအားလည်းကောင်း၊ ငှက်ပျောနှင့် အာလူးတစ်သျူး ဓါတ်ခွဲခန်း (Tissue Culture Laboratory) ကိုလည်းကောင်း ကြည့်ရှုခဲ့ပြီး၊ Overlap ဖြစ်နေသော သုတေသနလုပ်ငန်းများကို လျော့ချ၍ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သုတေသနများကို ပြောင်းလဲဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။