စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် သြဂုတ်လ ၁၀ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးလှမြင့်၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ပဲခူးခရိုင်ဦးစီးမှူး တို့နှင့်အတူ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးသည်။
ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ အကောင်အထည် ဖော်ဆောင်ရွက် နေကြသော တောင်သူများနှင့် ဝန်ထမ်းများအား တွေဆုံစဉ် ညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးပြောကြားရာ၌ မိမိတို့ဌာနမှ ဝန်ထမ်းများ အနေဖြင့် တောင်သူလယ်သမားများ လက်တွေ့အကျိုးရှိမည့် နည်းပညာများကို ရှာဖွေ ဖော်ထုတ်ပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ဆောင်ရွက် လာကြစေရန် ပညာပေး စည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း၊ နေရာဒေသ တစ်ခုတည်း အတွက် ဆောင်ရွက်နေခြင်းမျိုးမဖြစ်စေဘဲ တစ်မြို့နယ်လုံး လွှမ်းခြုံအောင် အကျိုးဆောင်တောင်သူများအား စနစ်တကျ ရွေးချယ်၍ တိုးချဲ့ပညာပေး စိုက်ပျိုးပြသရန် လိုအပ်ကြောင်း၊ သီးနှံအလိုက်၊ ရာသီအလိုက် လက်ငင်းကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်မည့် နည်းပညာရပ်များကို ထိထိရောက်ရောက်ဖြစ်အောင် ပညာပေးဆောင်ရွက်စေလိုကြောင်း၊ စမ်းသပ်ကွက်များ ဆောင်ရွက်ရာတွင် မိမိတို့ဒေသရှိ တောင်သူများအတွက် အမှန်တကယ်လိုအပ်သော စမ်းသပ်ကွက်များသာ ဆောင်ရွက်ကြပြီး၊ စမ်းသပ်ကွက်များမှ ရရှိလာသော အချက်အလက် များအား အခြေခံ၍ စံပြကွက်များ စိုက်ပျိုးပြသ ပညာပေးဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများ အနေဖြင့်လည်း စံပြကွက်များအား ဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ရာ တွင် ကွင်းဝန်ထမ်းများ၏ ညွှန်ကြားချက်များအား လိုက်နာအကောင်အထည်ဖော်ကြပြီး မိမိတို့နှင့် နီးစပ်ရာ တောင်သူများသို့ လက်ဆင့်ကမ်း ဖြန့်ဝေ စေလိုကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တွင် စိုက်ပျိုးဆောင်ရွက်ထားသော ရွှေခရုကာကွယ်နှိမ်နင်းနည်း စမ်းသပ်ကွက်(၁၅)ဧက၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ စိုက်စနစ်စမ်းသပ်ကွက်၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစိုက်ခင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးဆောင်ရွက်ထားသော စိုက်ခင်းများအား လှဉ်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (၁၀)မိုင် သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းတက်ရောက်လာကြသော ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား မေးမြန်းဆွေးနွေးကာ သင်တန်းမှသင်ကြားရရှိလာသော ပညာရပ်များအား မိမိတို့ ဒေသအကျိုး၊ တောင်သူများ အကျိုးတိုးတက်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။