သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကို သြဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ၊ ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေး မှူးများ ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီး မှူးများ တက်ရောက်ကြသည်။

ညွှန်ကြားရေးမှူးချုပ် က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးဌာန က ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် မူဝါဒ နှင့် လုပ်ငန်းလမ်းညွှန်ချက်များအား ပိုမိုသိရှိနားလည်ကြသဖြင့် သက်ဆိုင်ရာဒေသတာဝန် ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင်  လုပ်ငန်းများ ထိရောက်အောင်မြင်စေရေး အတွက် ယခုကဲ့သို့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ ပြည့်ဝ နေစေရေးအတွက် စဉ်ဆက်မပြတ်ဆည်းပူးလေ့လာသင်ယူနေခြင်းက ကျရာနေရာတွင် အရည်အသွေး ပြည့်ဝ ထက်မြက်စွာ စွမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းအဖြစ် ရပ်တည် နိုင်လိမ့်မည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များအပေါ် ခွဲခြားသိမြင်နိုင်မှု ၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များအပေါ်သဘောပေါက်နားလည်နိုင်စွမ်း နှင့် ပညာရှင်ဆန်သော စီမံခန့်ခွဲမှု များ ဖြစ်စေရေးကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

နိုင်ငံဝန်ထမ်းဆိုင်ရာ မူဝါဒ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာငွေကြေး စီမံ ခန့်ခွဲခြင်းဆိုင်ရာများ၊ စိမံကိန်းလုပ်ငန်းများ ရေးဆွဲခြင်း စိစစ်သုံးသပ်ခြင်းဆိုင်ရာများ အပါအဝင် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး အတွက် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးများ ၊ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများအား သြဂုတ်လ ၅ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့ထိ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။