စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နည်းပညာဆွေးနွေးပွဲကို ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံနှင့်် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်တာ နှင့် မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်း တို့ ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့နှင့် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကြည်စိုး၊ သထုံခရိုင်ဦးစီးမှူး ဒေါ်သန်းရီ ၊ သထုံ မြို့နယ်ဦးစီးမှူး ဦးစောခင်ကျော်မြင့် နှင့် စိုက်ပျိုးပညာပေးရေးဝန်ထမ်း ၇၀ ဦးခန့် တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် စိုက်ပျိုးပညာပေးရေးဝန်ထမ်းများအား သုတေသနနှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရန်၊ တောင်သူများလက်တွေ့ ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက တင်ပြဆွေးနွေး၍ အမြင်ချင်းဖလှယ်အဖြေရှာနိုင်ရန်တို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ စိုက်ပျိုးပညာပေးဝန်ထမ်းများက ကြုံတွေ့နေရသည့် မြေဆီလွှာဆိုင်ရာများ၊ မွန်ပြည်နယ်တွင် ကြံသီးနှံ စိုက်ပျိုးမှု ဧရိယာ လျော့နည်းနေရသည့်အကြောင်းအရင်းနှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။