သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စက်ဖြင့် ရိတ်သိမ်း နိုင်သော သက်လျင် အထွက်ကောင်း ပဲတီစိမ်း မျိုးသစ်များ ရှာဖွေ ဖော်ထုတ်

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန သည် ပဲတီစိမ်းသီးနှံအတွက် အထွက်ကောင်း၊ အရည်အသွေးကောင်း မျိုးကောင်း၊ မျိုးသန့် မျိုးသစ်များ မွေးမြူထုတ်လုပ်ရေး၊ ဒေသနှင့် သင့်တော်သည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ဖော်ထုတ်ရေးနှင့် မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရေး သုတေသနလုပ်ငန်းများအား အဓိကထား သုတေသနပြု စမ်းသပ် ဆောင်ရွက်လျက် ရှိသည်။

ပဲတီစိမ်းသီးနှံ ရိတ်သိမ်းချိန် (ပဲတီစိမ်း ကောက်ချိန်) တွင် တောင်သူများ ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှု အခက်အခဲအား ဖြေရှင်းနိုင်ရန်နှင့် အချိန်ကုန်သက်သာစေရန်၊ စိုက်ပျိုးမြေ အရည်အသွေး ရေရှည် ထိန်းသိမ်းထားနိုင်ကာ ပဲတီစိမ်းသီးနှံအပြီး၊ နောက်တစ်သီး အချိန်မီ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ စက်ဖြင့် ရိတ်သိမ်းနိုင်သော သက်လျင် အထွက်ကောင်း ပဲတီစိမ်း မျိုးသစ်များ ရှာဖွေခြင်း သုတေသန စမ်းသပ်ကွက်ကို ရမည်းသင်းမြို့နယ် စီပင် စိုက်ပျိုးရေး သုတေသနခြံ မှ ခြံတာဝန်ခံ ဒေါ်ခင်ပပအေး ၏ ဦးစီးမှုဖြင့် စမ်းသပ်ကွက် တာဝန်ခံများဖြစ်သော ဒေါ်အိအိမွန် နှင့် ဒေါ်သန်းသန်းမာ တို့က သုတေသနပြု ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စက်ဖြင့် ရိတ်သိမ်းနိုင်သော သက်လျင်အထွက်ကောင်း ပဲတီစိမ်း မျိုးသစ်များ ရှာဖွေ ဖော်ထုတ်ခြင်း စမ်းသပ်ကွက်မှ အပင်မြင့်၍ (ပဲတီစိမ်း ပျမ်းမျှအမြင့်- ၁.၅ ပေမှ ၂ ပေထက် ပိုမြင့်) ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန် ညီညာကာ အထွက်နှုန်းကောင်းသော ပဲတီစိမ်း မျိုးသစ်များအား ရွေးချယ်ဖော်ထုတ် သွားမည်ဖြစ် ကြောင်း၊ စက်ဖြင့် ရိတ်သိမ်းနိုင်သည့် ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန် ညီညာသော အထွက်ကောင်း ပဲတီစိမ်းမျိုးသစ်များအား သုတေသနပြု ရှာဖွေဖော်ထုတ်နိုင်ခြင်းဖြင့် တောင်သူများ ပဲတီစိမ်း ကောက်ချိန်တွင် တွေ့ကြုံနေရသည့် လုပ်သား အခက် အခဲ အား ဖြေရှင်းနိုင်မည်ဖြစ်ကာ၊ စက်ဖြင့် ရိတ်သိမ်းရာ တွင် ခြွေလှေ့ခြင်းကို တပြိုင်တည်း ဆောင်ရွက်နိုင်သည့်အတွက် ခြွေလှေ့သန့်စင်ရန် ကုန်ကျမည့် စရိတ်ကိုလည်း သက်သာ စေမည်ဖြစ် ကြောင်း၊ စက်ဖြင့် ပဲတီစိမ်း ရိတ်သိမ်းခြွေလှေ့ခြင်း ဖြင့် သီးနှံ အကြွင်းအကျန်များအား စိုက်ခင်းထဲသို့ ပြန်လည် ထည့်ပေးသည့်အတွက် စိုက်ပျိုးမြေတွင် သြဂဲနစ်ဓါတ်နှင့် အာဟာရဓါတ်များတိုးစေကာ စိုက်ပျိုးမြေ၏ အရည်အသွေး ပိုမို တိုးတက်မည်ဖြစ်ကြောင်း စီပင်စိုက်ပျိုးရေးသုတေသနခြံ မှှ သိရှိရသည်။