ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၁၉- ၂၀၂၀ခုနှစ်၊ သုတေသနလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

၂၀၁၉- ၂၀၂၀ခုနှစ်၊ သုတေသနလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကို အောက်တိုဘာလ (၂၄) ရက်နေ့၊ နံနက် (၉) နာရီအချိန် က နေပြည်တော် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ ၊ စီမံကိန်းဦးစီးဌာန ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ ၊ စိုက်ပျိုးရေးသုတေသနပညာရှင်များ၊ ပုဂ္ဂလိက ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံသားအားလုံး ပါဝင်နိုင်ပြီး၊ တီထွင်ဆန်းသစ်မှုနှင့် ကြိုးပမ်းအားထုတ်မှု များဖြင့် တိုးတက်မှု ရလဒ် ကောင်းများ အစဉ်အဆက် ရယူထိန်းသိမ်းနိုင်မည့် စီးပွါးရေး စနစ် တစ်ခု အဖြစ် ထူထောင်ရန် မိမိတို့ ရည်ရွယ်ကြိုးပမ်းလျက်ရှိရာ သီးနှံအရည်အသွေး နှင့် စားသုံးသူ ဘေးကင်း လုံခြုံရေးကို အခြေခံသော တောင်သူများ အကျိုးအမြတ် ပိုမိုရရှိရေး နှင့် စျေးကွက် အလားအလာကောင်းရရှိမှု စားသုံးသူ ကြိုက်နှစ်သက်မှု အပါအဝင် ပြောင်းလဲ လာသော ရာသီဥတုနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် မျိုး နှင့် နည်းပညာများ ပြောင်းလဲ ပံ့ပိုးပေးနိုင်မည့် သုတေသနများ တိုးချဲ့လုပ်ဆောင် သွားရန်လိုကြောင်း၊

သုတေသနလုပ်ငန်းများ တိုးတက်လာခြင်းသည် နိုင်ငံတော် ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် အခြေခံအချက် တစ်ချက်ဖြစ်သည်ကို နှလုံးမူပြီး သုတေသန ပညာရှင်များ က ပိုမိုအားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာနိုင်ကြည်ဝင်း က ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများ ဖြစ်သည့်  သုတေသန ပင်မ စီမံအုပ်ချုပ်မှု ပင်မအစီအစဉ် ရေးဆွဲချမှတ်ရန်၊ သီးနှံမွေးမြူရေးနှင့် ဇီဝနည်းပညာ သုတေသနဌာနခွဲ ဖွဲ့စည်း ထူထောင်ရန်၊ စပ်မျိုးစပါး သုတေသန စင်တာ တည်ထောင်ရန် နှင့် သုတေသနစခန်း (၄)ခု ထူထောင်ရန်တို့အတွက် တိုးချဲ့ဆောင်ရွက်နေမှုများ အား လည်းကောင်း၊ သုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် လူစွမ်းအား အရင်းအမြစ် နှင့် ဝန်ထမ်းအင်အား တိုးချဲ့ရေးအတွက် လိုအပ်ချက်များ  တင်ပြ ဆွေးနွေး သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က ရေ၊ မြေဒေသ အထူးသဖြင့် တောင်တန်းဒေသနှင့် သင့်တော်သည့်  စိုက်ပျိုးနည်းစနစ်များ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ စားနပ်ရိက္ခာ ဖူလုံရေးနှင့် လုံခြုံစိတ်ချရေးအတွက် အထောက်အပံ့ဖြစ်သည့် သုတေသနများ တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသားနှင့် ငါးကဏ္ဍ၊ သမဝါယမ ပူးပေါင်းပါဝင်သော နိုင်ငံတော်အဆင့် စိုက်ပျိုးရေး သုတေသန ကောင်စီ ထူထောင် ခြင်း၊ နှစ်စဉ် နိုင်ငံတော်အဆင့် စိုက်ပျိုးရေးသုတေသန ညီလာခံကျင်းပကာ တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုမည့် နည်းပညာများဖြန့်ဝေနိုင်ရေး တို့ကို  ဆွေးနွေးတင်ပြသည်။

၎င်းနောက် သက်ဆိုင်ရာ သုတေသနပညာရှင်များ က လက်ဆင့်ကမ်း ဖြန့်ဝေမည့် မျိုး၊ နည်းပညာသုတေသနများအား တင်ပြဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် သုတေသန လုပ်ငန်းများအား ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းက  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ သီးနှံ စိုက်ပျိုးနည်းစနစ် သုတေသနဌာနစုရှိ ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးရာ

တာဝန်ရှိသူများက လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှု ၊ အချိန် နှင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်းတို့ကြောင့်   မျိုးစေ့ထုတ် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ခံ ကျင့်သုံးနိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်း တင်ပြကြ သည်။

အလားတူ စပါးသီးနှံ သုတေသန ဌာနစုတွင် သုတေသနပြု ဆောင်ရွက်ထားရှိသည့် စပါးမျိုးမွေးမြူရွေးချယ်ခြင်း စမ်းသပ်ကွက်များအား ကြည့်ရှု စစ်ဆေးရာ သုတေသန ပညာရှင်များက ဗီဇအချက် အလက် နည်းပညာများကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ ဆန်စပါး မျိုးမွေးမြူ ရွေးချယ်ရေးကဏ္ဍ မြှင့်တင်ခြင်း စီမံကိန်း၏ သုတေသန လုပ်ငန်းအဖြစ် ပေါ်ဆန်းမွှေး၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ အစရှိသော မြန်မာစပါး မျိုးများအား သက်တမ်းတို အထွက်ကောင်းကာ ပိုးမွှားရောဂါဒဏ်ခံနိုင်သော ဗီဇများ ထည့်သွင်း၍ မျိုးကူးစပ် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြသခဲ့ကြကြောင်း သတင်း ရရှိသည်။