သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကိုရီးယားစပါးနှင့် မြန်မာစပါး မျိုးကူးစပ်ရရှိလာသော စပါးမျိုးလိုင်းများ ကယားပြည်နယ်၊ လွိုင်ကော်၌ စိုက်ပျိုးထားရှိမှုအား ကွင်းသရုပ်ပြ

မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အရည်အသွေးပြည့်မီသော စပါးများ စိုက်ပျိုး ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် သုတေသနလုပ်ငန်းများနှင့်အတူ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (KOPIA Project) အစီအစဉ်ဖြင့် ကိုရီးယားစပါးနှင့် မြန်မာစပါး မျိုးကူးစပ်ထားသော စပါးမျိုးလိုင်းများ စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲကို ဇွန်လ (၂၄) ရက်နေ့၊ နံနက် (၉) နာရီ က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ကျေးရွာအနီး၊ လွိုင်ကော် စိုက်ပျိုးရေးသုတေသနခြံ၌ ပြုလုပ်သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စပါးသီးနှံသုတေသနဌာနစု တာဝန်ခံနှင့် သုတေသနပညာရှင်များ၊ ကယားပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး၊ လွိုင်ကော်ခရိုင်ဦးစီးမှူး၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် စိုက်ပျိူးရေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး က ဆွေးနွေးပြောကြားရာတွင် သုတေသနများ ဆောင်ရွက်ရာ၌ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုတေသနပညာရှင်များ၏ အကြံပြုချက်နှင့် ဆွေးနွေးချက်များကို သေချာစွာလိုက်နာ၍ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုပါကြောင်း၊ တောင်သူများအနေဖြင့် ယနေ့ပြုလုပ်သည့် ကွင်းပြပွဲမှ အကျိုးရှိသော အတွေ့အကြုံကောင်း ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ် ဒုတိယ ပြည်နယ်ဦးစီးမှူးက ကယားပြည်နယ်၏ စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်ပတစ်ဖက်နိုင်ငံအထိ ပေါက်ရောက်နေပြီဖြစ်ပါကြောင်း၊ ရွှေရင်အေး စပါးမျိုးများကဲ့သို့ အရည်အသွေးကောင်းသည့် စပါးမျိုးများ ထုတ်လုပ်နိုင်လျက်ရှိရာ ဆန်စပါးစျေးကွက်ကို ထိန်းထားနိုင်ရန် လိုအပ်ပါကြောင်း၊ စျေးကွက်ပြောင်းလဲမှု အခြေအနေအရ ရေမြေဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် မျိုးသစ်များ ရရှိရေးကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စပါးသီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါ်မွှေးမွှေး က စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်တွင် နယ်သုတေသနခြံ များစွာရှိသည့်အလျောက် စားသုံးသည့် သီးနှံများ အရည်အသွေးကောင်းစေရန်နှင့် ထုတ်လုပ်သည့်သီးနှံများ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီစေရန် သုတေသနများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယနေ့ အခမ်းအနားသည် ပေါ်ဆန်းမွှေးစပါးမျိုးကို ကိုရီးယားစပါးမျိုးနှင့် မျိုးကူးစပ်ခြင်းဖြင့် စျေးကွက်အလားအလာရှိသော မျိုးများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး စပါးမျိုးလိုင်း သစ်(၁၄) မျိုးနှင့် စံထားမျိုး (၁) မျိုး၊ စုစုပေါင်း မျိုးလိုင်း (၁၅) မျိုး ပြသထားမှုအပေါ် အပင်အနေအထား၊ သီးလုံးပုံစံ၊ အရွယ်အစားနှင့် ရောဂါဒဏ်ခံနိုင်ရည် ရှိ/ မရှိ စသည်တို့ကို တောင်သူများအား မျက်မြင်စိစစ်ကြည့်ရှုရွေးချယ်စေရာ မျိုးလိုင်း Yn 3404-1-2-ul 7 နှင့် မျိုးလိုင်း Yn 3404-2-2- ul 8 တို့မှာ အကြိုက်နှစ်သက်ဆုံး မျိုးများဖြစ်သဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။