သတင်းကဏ္ဍ

စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် IIRR နှင့် DAR တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


အပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသ ပြန်လည်တည်ဆောက်ရေးအဖွဲ့ (IIRR) နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) တို့အကြား စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာလ (၂၂) ရက်နေ့၊ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးရန်လင်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အပြည်ပြည် ဆိုင်ရာ ကျေးလက်ဒေသ ပြန်လည်တည်ဆောက်ရေးအဖွဲ့ (IIRR) မှ President Mr. Peter Georeg Willims နှင့် Country Director Mr. Wilson John D.Barbon တို့က အမှာစကား များ အသီးသီးပြောကြားကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသ ပြန်လည်တည်ဆောက်ရေးအဖွဲ့ (IIRR) President Mr. Peter Georeg Willims ၊ Country Director Mr. Wilson John D.Barbon ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး တို့က စိုက်ပျိုးရေးသုတေသနနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ဘက် နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


အဆိုပါ နားလည်မှုစာချွန်လွှာအရ IIRR နှင့် DAR တို့ ပူးပေါင်းကာ စိုက်ပျိုးရေး သုတေသနနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအား မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၅)နှစ်တာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်း ကာလအတွင်း မြန်မာနိုင်ငံရှိ လုပ်ကွက်ငယ် တောင်သူများ၏ လူနေမှုဘဝမြှင့်တင်ပေးရန်အတွက် IIRR နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးရွာများတွင် မျိုးအထွက် ယှဉ်ပြိုင် ရွေးချယ်ခြင်း၊ မိုးလေဝသဆိုင်ရာ အချက်အလက် အသုံးပြုနည်းများ ဖြန့်ဝေခြင်း၊ အိမ်ထောင်စုဝင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည်ဝသည့် အစားအစာများ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရ ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှု စွမ်းရည်ရရှိရေးအတွက် သင်တန်းများပို့ချခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ၊ ကျေးလက်ဒေသ တောင်သူ လယ်သမားများ၏ လူနေမှုဘဝ၊ အစားအစာ၊ အာဟာရ လုံခြုံစိတ်ချမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။