သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အရည်အသွေးကောင်း စပါးမျိုးများ လက်တွေ့ကွင်းသရုပ်ပြ တောင်သူများကိုယ်တိုင် ကွင်းဆင်း ၍ စိတ်ကြိုက်မျိုးရွေးချယ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KOPIA)တို့ ပူးပေါင်းဆောင်ရွက်သည့် စပါးသုတေသန စီမံကိန်း အစီအစဉ်ဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ နွေရာသီ အရည်အသွေးကောင်း စပါးမျိုးများ ကွင်းသရုပ်ပြပွဲကို ဇွန်လ၂၂ ရက် နံနက် ၈ နာရီခွဲအချိန်က ကျောက်တံတား စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးဝေ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံ သုတေသနဌာနစု ဌာနစုတာဝန်ခံ ဒေါ်မွှေးမွှေးနှင့် သုတေသနပညာရှင်များ၊ စဉ့်ကူး၊ ပုသိမ်ကြီး၊ မတ္တရာမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ စိုက်ပျိုးရေးပညာပေးဝန်ထမ်းများနှင့် ဒေသခံ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

ကွင်းသရုပ်ပြပွဲတွင် တိုင်းဦးစီးမှူး ဦးတိုးဝေ က ထုတ်လုပ်မှုရဲ့သော့ချက်ဖြစ်သည့် သုတေသန လုပ်ငန်းကို အမြဲတမ်း ဆန်းသစ်နေစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုပြသသည့် ကွင်းပြပွဲကလည်း သုတေသန တွေ့ရှိချက်များကို တောင်သူလယ်သမားများ မျက်ဝါးထင်ထင် မြင်တွေ့စေလိုသောကြောင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လက်တွေ့ကြည့်ရှုလေ့လာပြီး ဒေသနှင့် အမှန်တကယ် ကိုက်ညီမည့် မျိုးများကို ရွေးချယ်စေလိုကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် KOPIA တို့ ပူးပေါင်းပြုလုပ်ထားသည့် သုတေသန ရလဒ်များမှ ပေါ်ဆန်းစပါးမျိုးနှင့် ကိုရီးယား စပါးမျိုးကို သားဆက်အဆင့်ဆင့်ရွေးချယ်ပြီး ရရှိလာသည့် ဗီဇငြိမ်မျိုးလိုင်းများအား ယခုပြပွဲတွင် လက်တွေ့ စိုက်ပျိုးပြသထားခြင်းဖြစ်ပြီး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် တောင်သူ လယ်သမားများအနေဖြင့် စိတ်ကြိုက်မျိုး (၂) မျိုး ရွေးပေးစေလိုကြောင်း စပါးသီးနှံသုတေသနဌာနစု တာဝန်ခံက ပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် စိုက်ပျိုးရေး ပညာရှင်များနှင့် ဒေသခံတောင်သူများက စပါးစမ်းသပ်ကွက်များအတွင်း ကွင်းဆင်းပြီး စပါးမျိုးများရွေးချယ်ခဲ့ကြသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် အရည်အသွေးကောင်းစပါး မျိုးလိုင်း (၁၄) မျိုးနှင့် စံထားမျိုးအဖြစ် ရွှေပြည်ဌေး စပါး (၁) မျိုး လက်တွေ့ စိုက်ပျိုးပြသထားပြီး၊ တက်ရောက်လာသည့် ဒေသခံ တောင်သူများက ကြိုက်နှစ်သက်ရာမျိုးများအား မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်ရာ၊ မျိုးလိုင်း (၁၃) နှင့် မျိုးလိုင်း (၁၄) တို့သည် မျက်မြင်အခြေအနေအရ တောင်သူများ အကြိုက်နှစ်သက်ဆုံးဖြစ်ကြောင်း သိရှိရသည်။