သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)နှင့် အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသန (ICRISAT)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသန (ICRISAT) တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့၊ နံနက် (၉) နာရီအချိန်က နေပြည်တော် ရေဆင်းရှိ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သုတေသနပညာရှင်များ၊ အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနမှ ညွန်ကြားရေးမှူးချုပ်၊ လက်ထောက် ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာန (ICRISAT) မှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တာဝန်ရှိသူများအား ကြိုဆိုပါကြောင်း၊ DAR အနေဖြင့် ICRISAT နှင့်ပူးပေါင်းကာ သုတေသနလုပ်ငန်းများအား ၁၉၇၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပထမအကြိမ် နားလည်မှုစာချွန်လွှာကို ၁၉၈၆ ခုနှစ်ကတည်းက ရေးထိုးခဲ့ကာ ICRISAT ၏ အဓိကသီးနှံ (၅) မျိုးအား သုတေသနပူးပေါင်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နှစ်ပေါင်း (၃၃) နှစ်တာ ကာလအတွင်း သုတေသနပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် နေထိုင်ကြသည့် နိုင်ငံလူဦးရေ၏ (၂၅) ရာခိုင်နှုန်းခန့်သော တောင်သူများအတွက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် များစွာအထောက်အကူပြုခဲ့ပါကြောင်း၊ ICRISAT ၏ သုတေသန အထောက်အပံ့ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ကုလားပဲမျိုး (၁၀) မျိုး၊ နှံစားပြောင်းမျိုး (၉) မျိုး၊ ပဲစဉ်းငုံ (၆) မျိုးနှင့် မြေပဲ (၅) မျိုးတို့အား ထုတ်ဝေနိုင်ခဲ့ပြီး၊ ယခုလက်ရှိအခြေအနေတွင် တောင်သူအများစု လက်ခံစိုက်ပျိုးနေသည့် မျိုးများဖြစ်ပါကြောင်းနှင့် ICRISAT နှင့် DAR ပူးပေါင်းကာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မော်လီကျူလာနည်းပညာဖြင့် မျိုးမွေးမြူ ရွေးချယ်ခြင်းများ၊ အရည်အသွေးကောင်း မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်ရေးနှင့် ဘက်စုံတိုးတက်ကောင်းမွန်သော အစားအစာထုတ်လုပ်မှုအစီအစဉ် (Smart Food Program) များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာန (ICRISAT) ညွှန်ကြားရေးမှူးချုပ် Dr. Peter Carberry က ယခုကဲ့သို့ နှစ်ပေါင်း (၃၀) ကျော် သုတေသနနှင့် နည်းပညာတိုးတက်ရေးအတွက် DAR နှင် ICRISAT တို့ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် များစွာဂုဏ်ယူပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းကာ သုတေသနလုပ်ငန်းများ တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘက်စုံတိုးတက်ကောင်းမွန်သော အစားအစာထုတ်လုပ်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရ၍ များစွာဝမ်းသာမိကြောင်း၊ DAR နှင့် ICRISAT သုတေသနပူးပေါင်းဆောင်ရွက်ခဲ့သည့် ခရီးလမ်းတလျှောက် အကျိုးကျေးဇူးများ များစွာရှိခဲ့ကြောင်းနှင့် ရှေ့ဆက်လက်၍လည်း စိုက်ပျိုးရေးကဏ္ဍအတွက် ရလဒ်ကောင်းများရရှိရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေက ၁၉၇၆ ခုနှစ်မှ စတင်ကာ ICRISAT နှင့် DAR တို့ သုတေသနပူးပေါင်းလုပ်ဆောင်မှုများ၊ ပထမအကြိမ် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည့် ၁၉၈၆ ခုနှစ်မှ စတင် (၃၃) နှစ်တာ ကာလအတွင်း အထွက်နှုန်းကောင်း အရည်အသွေးကောင်း သီးနှံများတိုးတက်ရေး၊ သီးနှံမျိုးများနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် နိုင်ငံ၏ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် သုတေသနပညာရှင်များအား သင်တန်းများစီစဉ်ပေးခြင်းများအပါအဝင် နည်းပညာနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၏ အကျိုးရလဒ်များအားလည်းကောင်း၊ ICRISAT နှင့် ပူးပေါင်း၍ ကုလားပဲ၊ ပဲစဉ်းငုံ၊ မြေပဲ၊ နှံစားပြောင်းနှင့် ဆပ်သီးနှံမျိုးကွဲများ သုတေသနဆောင်ရွက်ခဲ့မှုများကြောင့် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်လာနိုင်မှု ရလဒ်ကောင်းများအားလည်းကောင်း၊ သုတေသန ပူးပေါင်းဆောင်ရွက်သည့် နှစ် (၄၀) နီးပါးကာလအတွင်း သင်တန်းများပို့ချပေးခြင်းကြောင့် နည်းပညာနှင့် ဗဟုသုတပြည့်စုံသည့် သုတေသနပညာရှင်များ တိုးတက်လာမှုများအား တင်ပြဆွေးနွေးခဲ့ပြီးနောက်၊ ICRISAT မှ အာရှဒေသတွင်း သုတေသန စီမံကိန်းဒါရိုက်တာ Dr. Pooran Gaur က DAR နှင့် ICRISAT တို့ ပူးပေါင်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ညွှန်ကြားရေးမှူးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သုတေသနဌာန (ICRISAT) ညွှန်ကြားရေးမှူးချုပ်တို့သည် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ သုတေသန ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။