သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ၌ ဆောင်းသီးနှံ သုတေသန ညှိနှိုင်း အစည်းအဝေး ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၊ စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ပူးပေါင်း၍ ဆောင်းသီးနှံ သုတေသန ညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၉) နာရီ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှုးရုံး၌ ကျင်းပပြုလုပ်ရာ၊ အစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦး ၊ ခရိုင်ဦးစီးမှူးများ နှင့် မြို့နယ်ဦးစီးမှူးများ သုတေသနပညာရှင်များ၊ ခြံတာဝန်ခံများ၊ တာဝန်ရှိသူများ၊ လယ်ဇင်ကျေးရွာမှ အကျိုးဆောင်တောင်သူ ဦးကျောက်ခဲ၊ ပထမမျိုးစေ့ ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး က အဖွင့်အမှာစကားပြောကြားရာ၌ ဂျုံ၊ ကုလားပဲ အများဆုံး စိုက်ပျိုးသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပညာရှင်များအားဖိတ်ခေါ်၍ နှစ်စဉ် ဆောင်းသီးနှံသုတေသန နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဂျုံ၊ ကုလားပဲ သီးနှံများအပြင် အခြားသီးနှံမျိုးစုံကိုပါ စိုက်ပျိုးနိုင်လျှင် ပိုမိုကောင်းမွန်ပါကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် အရည်အသွေးမြင့်မား၍ ဈေးကွက်ဝင်ပြီး ဒေသနှင့်ကိုက်ညီသော သီးနှံမျိုးများရရှိရန် သုတေသနပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရရှိလာသော နည်းပညာများနှင့် မျိုးကောင်း၊ မျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ တောင်သူ့ လက်ဝယ်ရောက်ရှိသည်အထိ ထိထိရောက်ရောက် ဆောင်ရွက်စေလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသကိုယ်စားပြု သုတေသနစင်တာတစ်ခုအား တည်ဆောက်၍ သုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ပညာရှင်များအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦး က မြန်မာနိုင်ငံတွင် အဓိကစားသုံးနေသော အာဟာရပြည့်ဝသည့် သီးနှံများလည်းဖြစ်သည့် ဂျုံ၊ ကုလားပဲ သီးနှံများအပြင် ဥပမာ (စားတော်ပဲ) ကဲ့သို့သော အခြားပဲမျိုးစုံ သီးနှံများအား ပြည်တွင်းမှာပင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရန် သုတေသနပြုကာ စိုက်ပျိုးစေလိုကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနပြု ရရှိလာသောနည်းပညာများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် နည်းပညာများ ဖလှယ်ကာ ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေက စစ်ကိုင်းတိုင်းဒေသကြီးသည် ဂျုံနှင့် ကုလားပဲ အဓိက စိုက်ပျိုးသည့် ဒေသဖြစ်သည့်အလျောက် ဆောင်းသီးနှံများအား သုတေသနပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာသည့်အတွက် ဂျုံ၊ ကုလားပဲ သီးနှံများအပြင် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများအား အစားထိုး စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် (၂၀၁၈- ၂၀၁၉) ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဂျုံနှင့်ကုလားပဲ သီးနှံများ သုတေသနလုပ်ငန်းများမှ ထူးခြားသောတွေ့ရှိချက်များ၊ ဆောင်ရွက်လျက်ရှိသော သုတေသန လုပ်ငန်းများနှင့် (၂၀၁၉-၂၀၂၀) ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်မည့် သုတေသနနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ ရေးဆွဲချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။