သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စီပင် စိုက်ပျိုးရေးသုတေသနခြံ ၌ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ အသုံးပြုနည်း သင်တန်းပို့ချ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ တွင် ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် အထွက်ကောင်း၊ ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် မျိုးကောင်း၊ မျိုးသန့်များ မွေးမြူရွေးချယ်ခြင်း သုတေသနများ၊ သီးနှံပုံစံနှင့် စိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနDAR မှ ပညာရှင်များက ဆောင်ရွက်လျက်ရှိပြီး ယခုအခါ သီးနှံသုတေသန ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိသည်။

စီပင်စိုက်ပျိုးရေးသုတေသနခြံ၏ ဓာတ်ခွဲခန်းအဆင့်မြှင့်ရန်အတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြု စက်ကိရိယာများကို စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်းအထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့က စတင်တပ်ဆင်ခဲ့ပြီး၊ ဓာတ်ခွဲခန်းသုံး စက်ကိရိယာများဖြစ်သည့် Seed Germinator၊ Seed Blower၊ Seed Moisture Meter၊ Seed Divider၊ Seed Grader၊ Plant Growth Chamber၊ Leaf Area Meter၊ Portable pH Meter၊ Chlorophyll Meter နှင့် သီးနှံအချိုဓာတ်တိုင်းကိရိယာများ အား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန် ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ အသုံးပြုခြင်းသင်တန်းကို ဇွန်လ (၂၀) ရက်နေ့က စီပင်စိုက်ပျိုးရေးသုတေသနခြံ ဓာတ်ခွဲခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓာတ်ခွဲခန်းသုံး စက်ကိရိယာများ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော အဆိုပါသင်တန်းတွင် Grand Max Trading Co. Ltd., မှ ပညာရှင်များက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး၊ စီပင်စိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဒေါ်ခင်ပပအေး နှင့် သုတေသနပညာရှင်များ၊ စီပင်စိုက်ပျိုးရေးသုတေသနခြံနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် Tropical Bio-Technology ကုမ္ပဏီမှ ပုဂ္ဂလိက ဝန်ထမ်း (၃) ဦးတို့ လေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။