သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသ ပဲမျိုးစုံအခြေခံ သီးနှံပုံစံဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများ ဆွေးနွေးတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၊ စိုက်ပျိုးရေးဦးစီးဌာန (DOA)၊ အိန္ဒိယနိုင်ငံ၊ Hyderabad မြို့ရှိ အပြည်ပြည်ဆိုင်ရာ မိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသန (ICRISAT)၊ ဩစတြေးလျနိုင်ငံ၊ University of New England (UNE) နှင့် University of Adelaide (UA)တို့မှ သက်ဆိုင်ရာ ဘာသာရပ် အထူးပြုပညာရှင်များ ပူးပေါင်းပါဝင်သည့် MyPulses အဖွဲ့သည် ဩစတြေးလျနိုင်ငံ အထောက်အပံ့ဖြင့် သြစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာန (ACIAR) အစီအစဉ်အရ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ (၅) နှစ်အကြာ ဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသ ပဲမျိုးစုံ အခြေခံသီးနှံပုံစံဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးစီမံကိန်း”၏ ဆောင်ရွက်တွေ့ရှိချက် များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများထံသို့ နည်းပညာဖြန့်ဖြူးပေးနိုင်မည့် စိုက်ပျိုးရေးဦးစီး ဌာန စိုက်ပျိုးပညာပေး ဝန်ထမ်းများ၊ ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများသို့ ရှင်းလင်းဆွေးနွေးပေးရန် ရည်ရွယ်ဆောင်ရွက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လ (၂၃) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်း၊ စိုက်ပျိုးစီးပွားသုတေသနပညာရှင် ဒေါ်ခိုင်ခိုင်ထွေး၊ အပင်အဏုဇီဝသုတေသနပညာရှင် ဒေါက်တာမော်မော်သန်း၊ ကုလားပဲမျိုး မွေးမြူရေးပညာရှင် ဒေါက်တာမာမာဝင်း၊ မြေပဲမျိုးမွေးမြူရေးပညာရှင် ဒေါ်မော်မော်နိုင်၊ စိုက်ပျိုးရေ အသုံးချရေး သုတေသနပညာရှင် ဒေါက်တာအောင်ကျော်သူ ၊ ပဲစင်းငုံ မျိုးမွေးမြူရေးပညာရှင် ဒေါ်ပြည့်ဖြိုးသီ၊ ACIAR Project တာဝန်ခံ Dr. David Harridge နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပဲမျိုးစုံသီးနှံဌာနစိတ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့် တို့က အပူပိုင်းဇုန်ဒေသ ပဲနှင့် နှမ်းအခြေခံ ယာသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေးတင်ပြကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး ဦးတိုးမင်း နှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ လုပ်ငန်းခွင်အကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် တောင်သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

၎င်းစီမံကိန်းသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ ပဲနှင့် နှမ်း အခြေခံ ယာသီးနှံ ပုံစံများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်ပြီး ပြန်ရချက်မြင့်မားသော စိုက်ပျိုးနည်းစနစ်များ ဖြစ်ကြသည့် အရည်အသွေးမြင့်သော ပဲစင်းငုံ၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ကျေးရွာမျိုးစေ့ဘဏ်များ ထူထောင်ခြင်း၊ ဖော့စဖရပ်စ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဆာလဖာ၊ ဘိုရွန်နှင့် သွပ်ဓာတ်များ၊ ပဲမြစ်ဖုဇီဝ မြေဩဇာများ စနစ်တကျ စီမံခန့်ခွဲမှု နည်းစနစ်များ၊ ရေနှင့် အစိုဓာတ်ကို ပိုမိုထိမ်းသိမ်းလာနိုင်သည့် စိုက်ပျိုးနည်းစနစ်ကောင်းများအပြင် လယ်ယာလုပ်ငန်းများ ဆောင်ရွက်စီမံခန့်ခွဲမှုတွင် အမျိုးသား၊ အမျိုးသမီးများ ပါဝင်မှုဆိုင်ရာ စိုက်ပျိုးစီးပွားရေး စစ်တမ်းကောက်ယူခြင်းတို့ကို သုတေသနပြု ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်လာသူများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန က ထုတ်ဝေသည့် သုတေသနပြုတွေ့ရှိချက် ရလဒ်ကောင်းများအား ပြုစုရေးသားထားသည့် “မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသ ယာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း စီမံခန့်ခွဲမှုလမ်းညွှန်” စာအုပ်အား ဖြန့်ဖြူး ပေးခဲ့သည်။ အလားတူဆွေးနွေးပွဲများကို (၂၄.၇.၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့၊ (၂၅.၇.၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့၊ (၂၆.၇.၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ (၂၇.၇.၂၀၁၉) ရက်နေ့တွင် မုံရွာမြို့၊ (၂၈.၇.၂၀၁၉) ရက်နေ့တွင် ကျောက်ဆည်မြို့နှင့် (၂၉.၇.၂၀၁၉) ရက်နေ့တွင် တပ်ကုန်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။