သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာသီးနှံမျိုးစေ့ထုတ်လုပ်မှုစနစ် မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးညှိနှိုင်း

ဇူလိုင်လ (၄) ရက်နေ့၊ နေ့လည်ပိုင်းက ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ Mr. Kyota IIZUKA ဦးဆောင်သော အဖွဲ့သည် နေပြည်တော်၊ ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) သို့ ရောက်ရှိလာကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း ၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၊ အပင်ရောဂါ၊ ပိုးမွှား၊ ပဲမျိုးစုံသီးနှံနှင့် ဆီထွက်သီးနှံ သုတေသနဌာနစုများနှင့် ပြည်ပဆက်သွယ်ရေးဌာနစုတို့မှ ဌာနစုတာဝန်ခံများအား တွေ့ဆုံ၍ သုတေသနပြု ဆောင်ရွက်နေသော နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် မိဘမျိုးစေ့ အခြေခံအဆင့်မှ အမျိုးသားမှတ်ပုံတင်သည့် အဆင့်ထိ မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)နှင့် စိုက်ပျိုးရေးဦးစီးဌာန(DOA)တို့ ပူးပေါင်းဆောင်ရွက်သည့် သီးနှံမျိုးစေ့ထုတ် လုပ်ငန်းစဉ်နှင့်ပတ်သက်သည်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြု ထုတ်လုပ်ထားသော သီးနှံမျိုးများနှင့် သီးနှံမျိုးကွဲများ၊ လက်ရှိဆောင်ရွက်နေသည့် သီးနှံမျိုးစေ့ထုတ်လုပ်မှု အခြေအနေများ၊ လယ်ယာသီးနှံများအတွက် ဓါတ်ခွဲခန်းဆိုင်ရာ စမ်းသပ်ချက်များနှင့် ကွင်းဆင်းစစ်ဆေးမှုအခြေအနေများ၊ မျိုးကူးစပ် မွေးမြူသည့် သုတေသနပညာရှင်များ၏ ကျွမ်းကျင်မှုများ၊ ပိုးမွှား၊ ရောဂါကင်းစင်သော မျိုးစေ့များရရှိရန်အတွက် မျိုးစေ့စမ်းသပ် စစ်ဆေးရာတွင် အသုံးပြုနေသည့် ဓါတ်ခွဲခန်းနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် သုတေသနပညာရှင်များအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ၊ သီးနှံမျိုးစေ့ထုတ် လုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သီးနှံမျိုးထုတ်လုပ်မှု အခြေအနေများနှင့်ပတ်သက်သည်များအား ဆွေးနွေးကြသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)တို့ ပူးပေါင်း၍ ယခုနှစ် စက်တင်ဘာလတွင် နှမ်းနက်မျိုး (၂၀) ၏ အရည်အချင်း လက္ခဏာများကို အသေးစိတ် သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း နှင့် မကွေး စိုက်ပျိုးရေးသုတေသနခြံများ၌ စမ်းသပ်ကွက်များ စိုက်ပျိုးကာ လက်တွေ့လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။