သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပုံစံ (၁၀၅) ရေးကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ ဌာနခွဲများမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် က အမှာစကားပြောကြားရာ၌ လယ်ယာ မြေများအား တည်ဆဲ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လက်တလောဆောင်ရွက် ပေးမှုမှာ လက်ရှိလွှတ်တော်၌ ပြင်ဆင်ရေး ဆွဲလျက်ရှိသော လယ်ယာမြေဥပဒေမပေါ်မီ ကာလအတွင်း ဌာနရှိစာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်ရေးတွက်လည်းကောင်း၊ တည်ဆဲလယ်ယာမြေဥပဒေပါ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ ၏ အခွင့်အရေးများ အပြည့်အဝခံစားနိုင်စေရေးအတွက်လည်းကောင်း၊ လွှတ်တော်အသီးသီးမှ မေးခွန်းများ အပါအဝင် ဆောင်ရွက်ပေးပါရန် တင်ပြလာမှုများအရလည်းကောင်း၊ အကောင်းဆုံး အခြေအနေဖြင့် လယ်ယာမြေများအား ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း စသည့် လွှဲပြောင်းမှုဆိုင်ရာကိစ္စရပ်များ တရားဝင် ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဆောင်ရွက်မည့်လုပ်ငန်းပမာဏ များပြား ရှုပ်ထွေး နိုင်သော်လည်း တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထု ၏ လိုလားချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားလေးပါးကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြား သည်။

၎င်းနောက် လုပ်ငန်းဆောင်ရွက်ရာတွင် မရှိမဖြစ် လိုက်နာဆောင်ရွက်ပေးရမည့် မြေစာရင်းပုံစံ ၁၀၅ /၁၀၆ ရေးကူးထုတ်ပေးရေးကိစ္စ မြေယာခွဲစိတ်မှုအပေါ် လိုက်နာ ဆောင်ရွက်ပေးရမည့် ဦးပိုင်ခွဲစိတ် ခြင်းဆိုင်ရာကိစ္စရပ်များအတွက် ညွှန်ကြားရေးမှူး၊ (မြေစာရင်းနှင့် မြေတိုင်းပုံနှိပ်) က လည်းကောင်း၊ စာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်း ကိစ္စရပ်များ အတွက် ညွှန်ကြားရေးမှူး(ကြေးတိုင်နှင့်စီမံကိန်း)က လည်းကောင်း၊ လုပ်ငန်းစဉ်တစ်ရပ်လုံး တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ညွှန်ကြားရေးမှူး (မြေယာ)က လည်းကောင်း၊ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဌာနမှ ညွှန်ကြားထားရှိချက် များနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် က လည်းကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက မရှင်းလင်းသည့် အချက်များ အား ပြန်လည်မေးမြန်းခဲ့ခြင်းအပေါ် တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။