ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။

၂၀၁၉ ခုနှစ် မိုးရာသီအတွင်း မြန်မာနိုင်ငံတဝန်းလုံး၌ မိုးရွာသွန်းမှုလျော့နည်းခဲ့သဖြင့် ဆည်ရေလှောင်တမံများ ရေအဝင်ကျဆင်းခဲ့ပြီး ဆောင်းသီးနှံ နှင့် နွေသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုအတွက် စိုက်ပျိုးရေလိုအပ်ချက်များဖြစ်ပေါ်လာမှုအပေါ်   ဖြေရှင်းနိုင်ရေး အတွက် ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကို ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ တာဝန်ရှိ သူများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကား ပြောကြား ရာ၌ ပြောင်းလဲ သက်ရောက် လာလျက် ရှိသည့် ရာသီဥတုဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံ အသီးသီး၌ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် ပြဿနာများတွင် စိုက်ပျိုးရေးကဏ္ဍ အပေါ် သိသိသာသာ သက်ရောက်မှုများ ကြုံတွေ့ နေကြရသည်ကို တွေ့ရှိရပါကြောင်း၊ မိုးလေဝသ အခြေအနေအရ  ဆည်များနှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါးခြင်း၊ ရေသိုလှောင်နိုင်မှု ပမာဏ လျော့ကျလာခြင်းတို့ကြောင့် နွေစပါးအပါအဝင် အခြား ဆောင်းသီးနှံ နွေသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု အပေါ် ထိခိုက်မှု လျော့နည်း သက်သာစေရန် ၊ အဓိက လိုအပ်သည့် စိုက်ပျိုးရေအတွက် ဖြည့်စွက်ရေ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမည့် သီးနှံမျိုးပြောင်းလဲရေး၊ သီးနှံပုံစံပြောင်းလဲရေး နှင့်  နည်းပညာ အပါအဝင် တောင်သူများ၏ အခက်အခဲများကူညီ ဖြေရှင်းပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းဆောင်ရွက်ရန် နှင့် လိုအပ်သည့်အစီအမံများ ညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊

အခြေအနေပေးသည့်ဒေသများတွင် မြစ်ရေတင်နှင့် မြေအောက်ရေများ ရယူအသုံးပြု နိုင်ရေး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူများ အနေဖြင့် မိမိတို့ဒေသရှိ ဆည်နှင့် ရေလှောင်တမံများအတွင် ဝင်ရေအခြေအနေ၊ သိုလှောင် ထားရှိမှုပမာဏ အလိုက် ဆည်ရေ ကို အကျိုးရှိစွာ အသုံးချရေး ၊ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုး နိုင်ရေးအတွက် လိုအပ် သည့် အစီအမံများ ရေးဆွဲတင်ပြကြရန် လိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီများဖွဲ့စည်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ် မှု ဖြင့် စိုက်ပျိုးထုတ်လုပ်မှုအရှိန်အဟုန် တိုးမြှင့်ရေး ပေါင်းစပ်ဆောင်ရွက် သွားရန် လိုကြောင်း၊   ဆည်ရေသောက်ဧရိယာ ဖြစ်သော်လည်း စိုက်ပျိုးရေ ရရှိနိုင်မှု အခြေအနေအရ သီးနှံပြောင်း လဲစိုက်ပျိုးခြင်းကို လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက် များကို ထုတ်ပြန် ပေးသွားမည်ဖြစ် ကြောင်း  ဆွေးနွေး ပြောကြားသည်။

ထို့နောက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်များမှ စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး များ က ဆည်ရေသောက် ဧရိယာများ အတွင်း ရေအလေအလွင့် မရှိစေရေး၊ ရေအရင်းအမြစ်များ ဖော်ထုတ်အသုံးပြုနိုင်ရေး၊ သီးနှံပုံစံနှင့် စိုက်နည်း စနစ်များ ပြောင်းလဲစိုက်ပျိုးရေး နှင့်ပတ်သက်၍ ကြိုးတင် ဆောင်ရွက် ပေးနိုင်ခဲ့မှုများ ဆက်လက် ဆောင်ရွက်နေမှုများ ကို ရှင်းလင်း တင်ပြ ကြပြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေး တင်ပြရာ၌ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးရာတွင် စိုက်ချိန် ပြောင်းလဲခြင်းစနစ်၊ မျိုးပြောင်းလဲခြင်းစနစ်၊ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းစနစ် တို့ ပါဝင်ရာ ရေရရှိမှုအပေါ် မူတည်၍ သင့်တော်သည့် နည်းလမ်းဖြင့် ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ ပြောင်းလဲစိုက်ပျိုး မည့် သီးနှံမျိုးစေ့များ ရရှိရေး အတွက် လိုအပ်ပါက မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနများ သို့ ချိတ်ဆက် ဆောင်ရွက် နိုင်ကြောင်း ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က တိုင်း‌ဒေသကြီး/ပြည်နယ် အလိုက် ဆည်/တမံများအတွင်း ရေဝင် ရောက် မှုအခြေအနေများ၊ ရေ အလေအလွင့် ထိန်းသိမ်းရေးကိစ္စရပ်များ၊ ရေရရှိရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က ဆည်များ၊ ရေလှောင်တမံများ တွင် စီးဝင်ရေနည်းပါးမှု အပေါ် ပြောင်းလဲ စိုက်ပျိုး သင့်သည့် သီးနှံပုံစံ၊ သီးနှံအမျိုးအစား၊ စိုက်ပျိုးနည်းစနစ်၊ ပြုစု စောင့်ရှောက်မှု နည်းစနစ်များကို လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က မြေယာပြုပြင်ထွန်ယက်ရေးလုပ်ငန်းစဉ်မားတွင် ပါဝင်ကူညီဆောင်ရွက်မည့် အခြေအနေများ ကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဆည်ရေသောက်ဧရိယာများတွင် တောင်သူများအား မြေယာစီမံခန့်ခွဲရေး ကိစ္စနှင့် စပ်လျဉ်း ၍ ကူညီဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် ပေးမည့် အခြေအနေများ ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေး မှာကြားသည်။

         မိုးရာသီအတွင်း ဆည်ရေဝင်ရောက်မှု လျော့နည်း ခဲ့သဖြင့်  နွေသီးနှံစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ထိခိုက် နိုင်သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်း ၊ မန္တလေး ၊ မကွေး တိုင်းဒေသကြီးများတွင် တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု နစ်နာမှု မရှိစေရေး အတွက် သင့်တော်သည့် စျေးကွက်ဝင် သီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မေွးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းလျက် ရှိကြောင်း၊ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့ နှင့် ဆက်စပ် ဌာနများ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ခြင်း ၊ ဆည်ရေ ပေးဝေ နိုင်မှုအခြေအနေများကို ကြိုတင်အသိပေး ကြေညာပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ  တောင်သူများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်ရန်နှင့် လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေး၊ မေွးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနရုံးများ နှင့် ဆက်သွယ် ဆောင်ရွက် နိုင်‌ကြာင်း သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ စိုက်ပျိုးရေး ဦးစီး ဌာန တာဝန်ခံ ညွှန်ကြားရေးမှူး များ က ဆည်ရေသောက် ဧရိယာများ အတွင်း ရေအလေအလွင့် မရှိစေရေး၊ ရေအရင်း အမြစ်များ ဖော်ထုတ် အသုံးပြု နိုင်ရေး၊ သီးနှံပုံစံနှင့် စိုက်နည်း စနစ်များ ပြောင်းလဲ စိုက်ပျိုးရေး နှင့် ပတ်သက်၍ ကြိုးတင် ဆောင်ရွက် ပေးနိုင် ခဲ့မှုများ ဆက်လက် ဆောင်ရွက် နေမှုများ ကို ရှင်းလင်း တင်ပြစဉ်။