သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သမဝါယမကောလိပ် (ဖောင်ကြီး)တွင် (၂၃)ကြိမ်မြောက် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

(၂၃)ကြိမ်မြောက်ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ဇွန်လ ၁ ရက်နေ့၊ နံနက် ၉ နာရီတွင် သမဝါယမ ကောလိပ်(ဖောင်ကြီး)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ ၊ ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သောင်းမြင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)  ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်၊ သတင်းနှင့်ပြန်ကြားရေးဌာန ဌာနကြီးမှူး ဦးကျော်သူရ ၊ သမဝါယမ ကောလိပ်(ဖောင်ကြီး) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ဧည့်သည်တော်များ ဒီပလိုမာရယူမည့် ကျောင်းသား၊ ကျောင်းသူ(၁၆၁)ဦးနှင့် ၎င်းတို့၏ မိဘများစုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

        အခမ်းအနားတွင် ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရ က အမှာစကား ပြောကြားခဲ့ရာတွင် ဒီပလိုမာ အောင်လက်မှတ်ရ မောင်မယ်များ အနေနဲ့ မိမိတို့သင်ယူရရှိခဲ့တဲ့ အတတ်ပညာများ ကိုလည်း လူ့ဘောင် အကျိုး အတွက် တစ်ဆင့်ပြန်လည်မျှဝေ အသုံးပြု ကြရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ များ တစ်နေ့တစ်ခြား တိုးတက် ပြောင်းလဲလျက် ရှိသောကြောင့် အဖက်ဖက်က ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို ယှဉ်ပြိုင် တုံ့ပြန်နိုင်စွမ်းရှိဖို့ အသိပညာ၊ အတတ်ပညာစွမ်းအားများ ပြည့်စုံ နေရန် လိုအပ်ကြောင်း၊ စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်အနိုင်ယူဖို့အတွက် ကိုယ့်ကိုယ်ကို တည်ဆောက်ရမည့်အရာတွေကို စဉ်းစားပြီး Self-Learning လုပ်နေရမှာဖြစ်ကြောင်း၊ သာမန်လေ့လာကြိုးစားမှုမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာမှု Continuous Learning လုပ်နေရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနား တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် က ပညာရည်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပြီး သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်း က ကျောင်းသား၊ ကျောင်းသူ(၁၆၁)ဦး တို့အား ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းပေးအပ်ခဲ့သည်။

သမဝါယမကောလိပ်(ဖောင်ကြီး)ကို ၁၉၉၄-၁၉၉၅ ပညာသင်နှစ်က စတင် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ ယခု ၂၀၁၉ ခုနှစ်တွင် (၂၅)နှစ်သက်တမ်းရှိပြီး ငွေရတုသို့ ရောက်ရှိလာပြီဖြစ်သည်။ ယနေ့(၂၃)ကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းချိန် အထိ ဒီပလိုမာအောင်လက်မှတ်ရရှိသူစုစုပေါင်း (၂၆၂၆)ဦးကို မွေးထုတ်ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ(Diploma in Business Accounting)၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Marketing Management)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ (Diploma in Regional Development)၊ အသုံးချစာရင်းအင်း ဒီပလိုမာ(Diploma in Applied Statistics) နှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Social Enterprise Management) စသည့် ဒီပလိုမာ(၅)ခုနှင့် သက်ဆိုင်သော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။