ဆောင်းပါး

တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို စတင်ကျင့်သုံးဆောင်ရွက်သွားမည်

မြန်မာနိုင်ငံတွင် တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို ယခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
“စိုက်ပျိုးသီးနှံတွေမှာ ရာသီဥတုပြောင်းလဲမှုတွေ၊ မိုးလေဝသမမှန်တာတွေကြောင့် သီးနှံထိခိုက်ပျက်စီးဆုံးရှုံး တာတွေရှိနိုင်တယ်။ အဲဒီလိုရှိနိုင်တဲ့၊ စွန့်စားရတဲ့အခက်အခဲ တွေကို တောင်သူတွေက အများစုတာဝန်ယူရတယ်။ အဲဒီ တောင်သူတွေခံစားနေရတဲ့ Risk ကို လုပ်ငန်းရှင်ကလည်း မျှဝေတာဝန်ယူသင့်တယ်လို့ မြင်တယ်။ အဲဒါကြောင့် အကျိုးတူလယ်ယာစနစ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပြောသည်။
ကန်ထရိုက်လယ်ယာစနစ် ပြောင်းလဲကျင့်သုံးခြင်း အားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ လည်း “ဘယ်သီးနှံအမျိုးအစားကို စိုက်ရမယ်ဆိုတာ တောင်သူတွေ သိရှိမှာဖြစ်သလို အခြေခံဈေးနှုန်း ဘယ်လောက်ရမယ်ဆိုတာကိုလည်း ကန်ထရိုက်ကသိလာ မယ်။ သီးနှံတွေကို ဘယ်လိုစိုက်ပျိုးရမယ်ဆိုတဲ့ နည်းစနစ် ကိုပါ ပူးတွဲသိရှိလာပြီး ထုတ်လုပ်မှုတွေတိုးတက်လာမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်ဘက်ကတော့ အရည် အသွေးမီတဲ့ သီးနှံတွေရလာမယ်။ တစ်နေရာတည်းမှာ လိုချင်သလောက်ရတဲ့အတွက် မလိုအပ်တဲ့ အခြားကုန်ကျ စရိတ်တွေ သက်သာလာနိုင်မယ်။ ရေရှည်ဈေးကွက်ရရှိရေး ဆောင်ရွက်လာနိုင်မယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် တောင်သူလယ်သမားများနှင့် တန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းစဉ်များတွင် ပါဝင် ပတ်သက်နေကြသည့် ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၉ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်နှင့် အညီ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများကို ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လုပ်ထုံးလုပ်နည်းများတွင် တောင်သူများ လိုက်နာဆောင်ရွက်ရန် အနေဖြင့် ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ သို့မဟုတ် လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် ရရှိထားသည့် အထောက်အထားတစ်ခုခု တင်ပြနိုင်သူဖြစ်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် စုပေါင်းတာဝန်ယူသည့်စနစ် (ငါးယောက် တစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်)ကို သဘောတူညှိနှိုင်းဖွဲ့စည်းရန် နှင့် အဖွဲ့ခေါင်းဆောင် (Key Farmer) ကို ရွေးချယ်ပေးရမည်။
ထို့ပြင် ကန်ထရိုက်လယ်ယာစနစ် စာချုပ်ချုပ်ဆိုသော တောင်သူလယ်သမားများအနေဖြင့် စာချုပ်ပါ အချက် အလက်များကို အကျေအလည်ဆွေးနွေးပြီး ကောင်းစွာသိရှိ နည်းလည်သဘောပေါက်အောင် ကြိုတင်ဆောင်ရွက်ထား ရမည်။ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးအတွက် ညှိနှိုင်း ချုပ်ဆိုနိုင်ရန် စသည်ဖြင့် ကန်ထရိုက်လယ်ယာစနစ်ဆောင် ရွက်ရာတွင် တောင်သူများလိုက်နာရမည့် အချက်ကိုးချက် ပါဝင်သည်။
ထို့အတူ ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့က လိုက်နာဆောင်ရွက်ရန်မှာ တောင်သူ လယ်သမားများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေး စိတ်၊ နှစ်ဦးနှစ်ဖက် ရရှိနိုင်သည့် အကျိုးကျေးဇူးနှင့် လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများကို နားလည်လက်ခံနိုင်စေ ရန် သက်ဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်း၊ အစိုးရဌာနများနှင့် အတူ ကြိုတင်ရှင်းလင်းဆွေးနွေးရမည်ဖြစ်သည်။
ထို့ပြင် တောင်သူလယ်သမားများအား ပံ့ပိုးပေးမည့် အရည်အသွေးပြည့်မီသော မျိုး၊ မျိုးစေ့ ၊ အခြားသွင်းအားစု များနှင့် ထုတ်လုပ်မှုစရိတ်များကို နားလည်သဘောပေါက်စေ ရန် ရှင်းလင်းဆွေးနွေးရမည့်အပြင် နှစ်ဖက်သဘောတူထား သည့် အရည်အသွေးပြည့်မီသော မျိုး၊ မျိုးစေ့၊ အခြား သွင်းအားစု အမျိုးအစားများနှင့် ထုတ်လုပ်မှုစရိတ်များကို စာချုပ်ပါ သတ်မှတ်ပမာဏအတိုင်း သတ်မှတ်ချိန်အမီပေးရ မည် စသည်ဖြင့် အချက် ၁၁ ချက် သတ်မှတ်ထားသည်။

ဌာနဆိုင်ရာများက ပံ့ပိုးကူညီဆောင်ရွက်ရမည့် အချက်များအနေဖြင့်လည်း ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ လက်ရှိပြဋ္ဌာန်း ထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်ရာဌာန များက ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးရမည်။ သဘောတူစာချုပ်အပေါ် ပြင်ဆင်၊ ဖြည့်စွက်ခြင်း ပြုလုပ်လို ပါက နှစ်ဖက်သဘောတူညီချက်ရရှိရေးအတွက် ညှိနှိုင်း ကူညီဆောင်ရွက်ပေးရမည်။ စိုက်ပျိုးမွေးမြူသူ တောင်သူ လယ်သမားများအတွက် လိုအပ်သော အသိပညာများနှင့် နည်းပညာများကို ပံ့ပိုးဆောင်ရွက်ရမည်။

ထို့ပြင် တောင်သူနှင့် ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့များအကြား မျှတမှန်ကန်သော ဆက်ဆံရေး ရရှိစေရန်အတွက် ဘက်လိုက်မှုမရှိဘဲ ကြားနေအဖွဲ့အစည်း အဖြစ် ဆောင်ရွက်ပေးပြီး စာချုပ်ပါစည်းကမ်းချက်များ အပေါ် နှစ်ဦးနှစ်ဖက်စလုံးက လိုက်နာမှုရှိစေရန် ထိန်းကျောင်းကြီးကြပ်ပေးရမည် စသည်ဖြင့် ဌာနဆိုင်ရာ များက ပံ့ပိုးကူညီဆောင်ရွက်ရမည့် အချက်ကိုးချက်ကို ထုတ်ပြန်ကြေညာထားသည်။
“ရိတ်သိမ်းတဲ့အချိန်ကျမှ ထုတ်လုပ်တဲ့သူက စိတ်ကြိုက် ရွေးချယ်ဝယ်မယ့်အစား တောင်သူနဲ့အတူတူ အကျိုးတူ ဆောင်ရွက်ကြမယ်ဆိုတဲ့ အနေအထားကို သွားချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောတဲ့ အကျိုးတူဆိုတာ စိုက်ထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာမူတည်ပြီး အကျိုး အမြတ်ခွဲဝေရရှိတဲ့ လုပ်ငန်းကို ဆိုလိုတာဖြစ်ပါတယ်။ အရင်က တောင်သူ၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင် စသည် ဖြင့် မိမိတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒီလိုဆောင်ရွက်ကြမယ်ဆိုရင် လုပ်ငန်းရှင်နဲ့ တောင်သူရဲ့ ဘုံအကျိုးစီးပွားဖြစ်လာမယ်။ နှစ်ဦးနှစ်ဖက် (Win–Win) သူနိုင်ကိုယ်နိုင် အခြေအနေဖြစ်လာအောင် ကန်ထရိုက်လယ်ယာစနစ်ကို ပူးပေါင်းအထည်ဖော်သွား စေချင်ပါတယ်” ဟု ဒေါက်တာရဲတင့်ထွန်းက ဆိုသည်။

ဆောင်းပါးရှင်- တာရာ
၂၀၂၀ဇွန်လ(၃)ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြပါသည်။