စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ စက်တင်ဘာလ ၃ရက်နေ့ နေ့လယ်ပိုင်းတွင် ရွာငံ ကော်ဖီသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ သို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီနှင့် ရာသီသီးနှံဌာနခွဲက ဆောင်ရွက်လျက်ရှိသော ကော်ဖီသုတေသန လုပ်ငန်းများ နှင့် တောင်သူပညာပေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ကော်ဖီရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဌာနဆိုင်ရာများ၊ ကော်ဖီတောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေး ပြောကြားရာ၌ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံဒေသထွက် ကော်ဖီသည် နာမည်ကောင်းရရှိ ပြီးဖြစ်သည်အားလျော်စွာ ဆွတ်ခူးပြီးနောက်ပိုင်း လိုက်နာဆောင်ရွက် ရမည့် နည်းပညာ နှင့် လုပ်ငန်းသုံးကိရိယာများ အသုံးပြုနိုင်ရေး ပံ့ပိုးပေးခြင်းဖြင့် စျေးကွက်ဝင်စျေးကောင်းရရှိရေးကို သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊
တောင်သူများစုဖွဲ့ပြီး အသေးစားစက်မှုလုပ်ငန်း ချေးငွေ အသုံးပြုကာ အဆင့်မြင့် စက်ကိရိယာများအသုံးပြုနိုင်ရေး ကူညီ ဆောင်ရွက်ပေးခြင်း၊ ဒေသမျိုးရင်းကော်ဖီမျိုးများ ထိန်းသိမ်းရေး၊ ကော်ဖီမျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုး နိုင်ရေး နှင့် လိုအပ်သော နည်းပညာအကူအညီများကို ပံ့ပိုးကူညီပေးခြင်းများကို သက်ဆိုင်ရာ ဌာနများ၊ လုပ်ငန်းရှင်များနှင့်တောင်သူများ စုစည်းညီညွတ်စွာ ကြိုးပမ်းကြခြင်းဖြင့် စျေးကွက်တွင် ရွာငံကော်ဖီ ထိုးဖောက်ဝင်ရောက်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီ သီးမှည့် အခွံချွတ်စက် ကို ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ သို့ လွှဲပြောင်း ပေးအပ်ရာ ကော်ဖီ တောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၈၂ ပေ) ရှိသော ရွာငံမြို့နယ်အတွင်း ကျေးရွာ ပေါင်း ၁၂၀ ကျော်ရှိပြီး ကော်ဖီစိုက်သည့် ကျေးရွာပေါင်း (၈၀) ခန့်ရှိသည်။ ကော်ဖီ စိုက်ဧကပေါင်း ဧက(၈၀၀၀) ခန့် ရှိပြီး ကော်ဖီဆံ အထွက်ပေါင်းမှာ နှစ်စဉ် ပျမ်းမျှ တန် ၇၀၀ မှ ၁၀၀၀ ကြား ထွက်ရှိသည်။