ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လုပ်ကွက်ငယ်ဒေသခံ တောင်သူများ အား လက်တွဲခေါ်ယူခြင်းဖြင့် ပိုမိုဖွံ့ဖြိုးသော ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ စက်တင်ဘာလ ၂ရက်နေ့  ညနေပိုင်းတွင်  တောင်ကြီးခရိုင် ၊ ရပ်စောက်မြို့နယ်ရှိ ရွှေပုဇွန်ကော်ဖီခြံသို့ ရောက်ရှိကြပြီး ကော်ဖီသီးနှံ နှင့်အတူ သစ်မာပင်များ၊ မက္ကဒေးမီးယာပင်များ စိုက်ပျိုး အောင်မြင်နေမှုများကို ကြည့်ရှုအားပေးရာ ပွင့်ကောင်း နှင့် ခင်နွဲ့ရီကုမ္ပဏီလီမိတက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

        တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် မြန်မာ့ကော်ဖီ သီးနှံကို နိုင်ငံတကာစျေးကွက်မှ စိတ်ဝင်းစားလျက်ရှိရာ ရေမြေရာသီဥတု အခြေအနေပေးသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ က ဦးဆောင်ပြီး  လုပ်ကွက်ငယ်ဒေသခံ တောင်သူများ အား ကော်ဖီမျိုးကောင်းများ ဖြန့်ဖြူးပေးခြင်း ၊ နည်းပညာကူညီပေးခြင်း၊ စျေးကွက်သို့ လက်တွဲခေါ်ယူပေးခြင်းတို့ဖြင့် အားလုံးပါဝင်ပြီး ပိုမို ကျယ်ပြန့်သော စီးပွားဖြစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်နိုင်ရေး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။