နယ်သတင်းများ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

Coffee Fair ၂၀၁၉ ပွဲတော်ကို မန္တလေးမြို့ ၊ မန္တလာသီရိဘက်စုံသုံး အားကစားရုံ၌ ကျင်းပ

စိုက်ပျိုးရေး၊မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီ အသင်းတို့ ပူးပေါင်းကျင်းပသည့် ကော်ဖီပွဲတော်- ၂၀၁၉ အခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိဘက်စုံသုံး အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့်အတူ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှစိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ USAID , GIZ နှင့် ပြည်တွင်း ပြည်ပ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကော်ဖီအစုအဖွဲ့များနှင့် ပြည်တွင်း/ပြည်ပ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက် တောင်သူများ စုံညီစွာ တက်ရောက်ကြသည်။

            ကော်ဖီပွဲတော်- ၂၀၁၉ အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ထွက်ရှိသည့် ပြည်ပပို့ကုန်များအနက် ဆန်စပါး၊ ပဲမျိုးစုံတို့မှာ နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးသကဲ့သို့ ကော်ဖီသီးနှံမှာလည်း နိုင်ငံခြားဝင်ငွေ ရရှိသည့် တန်ဖိုးမြှင့်စက်မှုသီးနှံဖြစ်ရာ မြန်မာ့ ကော်ဖီ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကော်ဖီပြပွဲများ ပြုလုပ် ခြင်းဖြင့် အရည်အသွေးမြင့် မြန်မာ့ကော်ဖီစျေးကွက် ချဲ့ထွင် နိုင်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လက်ရှိတင်သွင်းနေသည့် ကော်ဖီစေ့ တန် ၁၆၀ ကျော်အ‌တွက် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော်၊ ကော်ဖီမစ်တင်သွင်းမှု တန် ၆၀၀၀ ကျော်အတွက် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်၊ ကော်ဖီမှုန့် တင်သွင်းမှု တန် ၆၂၀၀ ကျော်အတွက် သွင်းကုန်တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် တန်ဖိုးရှိသည့်အတွက် သွင်းကုန် အစားထိုး မြန်မာ့ကော်ဖီကို အရည်အသွေး မြှင့်တင်ရန် နှင့် စျေးကွက်ချဲ့ထွင်ရန်၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှု များ ဖိတ်ခေါ်ဆောင်ရွက်ကြရန်နှင့် ယခု ကော်ဖီပြပွဲမှတဆင့် တေွ့ကြုံနေရသည့် အခက်အခဲနှင့် အတွေ့အကြုံများ၊ နည်းပညာ နှင့် အကြံဉာဏ်များ ဖလှယ်ဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာရဲတင့်ထွန်း က ကော်ဖီပွဲတော် ကျင်းပပြုလုပ် ရခြင်း နှင့် မြန်မာကော်ဖီကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ အချက် အလက် များ ကိုလည်းကောင်း၊

မြန်မာနိုင်ငံ ကော်ဖီ အသင်း ဥက္ကဌ ဦးမျိုးအေး က ကော်ဖီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ကုန်းမြင့်ကော်ဖီ အာရေးဗီးကား မျိုးများမှ ထုတ်လုပ်သည့် မြန်မာ့အထူးတန်းဝင်ကော်ဖီများ သည်လည်း ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်လျက်ရှိသည့်အတွက် မြန်မာ့အာရေးဗီးကား ကော်ဖီ အတွက် အနာဂတ်အလားအလာကောင်းများ ရှိနေ ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရိုဘတ်စတာ ကော်ဖီသည် အာရေးဗီးကားကော်ဖီနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်း ကောင်းမွန် ခြင်း၊ ရောဂါပိုးမွှားဒဏ် ခံနိုင်ခြင်းတို့ရှိပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင် တိုးချဲ့စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၏ အချို့သော နေရာများတွင်လည်း ကော်ဖီသီးနှံကို ရော်ဘာ သီးနှံနှင့်တွဲလျက် စိုက်ပျိုးထုတ်လုပ်အောင်မြင်လျှက် ရှိနေ ကြောင်း၊ ပြည်သူများမှာ အသင့်သုံး ပျော်လွယ် ကော်ဖီများကိုသာ အဓိကထား သောက်သုံးကြသဖြင့် သွင်းကုန်အစားထိုးနိုင်ရန် နှင့် ပြည်တွင်း ပြည်ပ စျေးကွက်ရှိနေသည့် ရိုဘတ်စတာကော်ဖီအား အရှိန်အဟုန်မြှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်း ဆိုင်ရာ တွေ့ကြုံရသည့် အခက်အခဲ ပြဿနာများကို ဝိုင်းဝန်း ကူညီဖြေရှင်းပေးသွားမည်ဖြစ်ပြီး စျေးကွက်ရှာဖွေခြင်းအပါအဝင်  မြန်မာ့ကော်ဖီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ ကော်ဖီအသင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျှက် ရှိကြောင်း၊ ကော်ဖီ အရည်အသွေးမြှင့်တင်ရန် Post Harvest Processing ကဏ္ဍတွင် နည်းစနစ်မှန်ကန်စွာ ကြိတ်ခွဲ ထုတ်လုပ် ခြင်း၊ ရေ အခက်အခဲရှိသော တောင်ပေါ်ဒေသများ ၌ Semi Wash Method များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးတို့ကို ကော်ဖီ စိုက်တောင်သူငယ်များအပါအဝင် ဌာနဆိုင်ရာ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအားလုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

ယခုကျင်းပသော ကော်ဖီပွဲတော်- ၂၀၁၉ အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ ကော်ဖီအစုအဖွဲ့များ နှင့် ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီတင်ပို့သူ၊တင်သွင်းသူများ၊ ကော်ဖီလှော်စက်၊ ကော်ဖီဖျော်စက် စသည့် စက်ပစ္စည်း ကိရိယာ ရောင်းချသူများ၊ ကော်ဖီနှင့်ဆက်စပ်သော စားသောက်ကုန် လုပ်ငန်းများမှ  အရောင်းဆိုင်ခန်းများ နှင့် ပြခန်းများ ခင်းကျင်းရောင်းချ ပြသခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံပိုင်ကော်ဖီခြံ(၁၀)ခြံ နှင့် ပုဂ္ဂလိက ခြံ(၉)ခြံတို့၌ ကော်ဖီသီးနှံ ဆိုင်ရာ GAP ထောက်ခံချက်လက်မှတ် ရရှိပြီးဖြစ်ရာ ဘေးကင်းလုံခြုံမှုရှိသည့် စျေးကွက်ဝင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု အတွက် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသ၊ သံတောင်ကြီးဒေသနှင့် ရွာငံဒေသ မှ ထွက်ရှိသော အော်ဂဲနစ်ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနိုင်ငံများသို့ တင်ပို့နိုင်လျက်ရှိသည့်အပြင် မြန်မာ့ အထူးတန်းဝင် ကော်ဖီအား အမေရိကန်နိုင်ငံ စျေးကွက်မှ ကြိုက်နှစ်သက်လျက်ရှိသဖြင့် ကမ်းလှမ်းဝယ်ယူလာမှုများကြောင့် ကမ္ဘာ့ကော်ဖီစျေးကွက်ဝေစု ရရှိနေကြောင်း သတင်းရရှိသည်။