နယ်သတင်းများ သတင်းကဏ္ဍ

ပဲခူးမြို့၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀-မိုင်)သင်တန်းကျောင်းတွင် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ သည် ကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးကိုအခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစု ဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ဆက်စပ်ဌာနများ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပဲခူးမြို့၊ အင်းတကော်ရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေး စခန်း(၁၀-မိုင်)သင်တန်းကျောင်းတွင်လည်း နည်းပညာသင်တန်းများစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်းသင်တန်းကိုဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး၊ ဒေါ်မြင့်မြင့်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချမည့်အစီအစဉ်များကိုရှင်းလင်းပြောကြားကြသည်။

အဆိုပါသင်တန်းသို့ နေပြည်တော် ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့မှ သင်တန်းသား/သင်တန်းသူ(၂၄)ဦး တက်ရောက် လေ့လာလျက်ရှိကြပြီး ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၇ ရက်ကြာ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းပို့ချမှုတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများ အပြင် သင်တန်းပြီးဆုံး ပြီးနောက်ပိုင်း သင်တန်း တက်ရောက်သူများ လက်တွေ့လေ့လာဆောင်ရွက်နိုင်ရန် တစ်ဦးလျှင် မှိုမျိုးထုပ်(၁၀)ထုပ်စီ လက်ဆောင်ပေးခြင်း၊ လက်တွေ့လုပ်ဆောင်မှုတွင် ကြုံတွေ့ရသော အခက်အခဲများအား သင်တန်းကျောင်းသို့ သတင်းပို့မေးမြန်းမှုအပေါ် ကူညီဖြေရှင်း ပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။