ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လုပ်ငန်းများ စစိစစ်ဆောင်ရွက်ကြရာတွင် မြေယာအသုံးချမှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ စိစစ်မှုလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး နှင့် ကြွင်းကျန်မှု မရှိစေရေးတို့ကို ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ ၊ နည်းဥပဒေပါ ပြဌာန်းချက်များ အတိုင်းစိစစ်သွားကြရန် အထူးလိုအပ်ကြောင်း ဇွန်လ(၂၆)ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာတစ်ခုချင်းအလိုက် ဖတ်ကြား တင်ပြရာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု ဥက္ကဌ နှင့် အဖွဲ့ဝင်များ က လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးဆုံးဖြတ်ကြသည်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သော တောင်သူလယ်သမားတိုင်း တည်ဆဲ လယ်ယာမြေဆိုင်ရာဥပဒေများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့်ကို လွှဲပြောင်း၊ ရောင်းချ၊ပေါင်နှံ၊ငှားရမ်း၊လဲလှယ်၊ ပေးကမ်း၊ အမွေဆက်ခံခွင့်များရရှိစေရန် ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ တောင်သူလယ်သမားများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ရရှိထားသော မြေယာတွင် ၎င်းတို့အတွက် အကျိုးစီးပွားဖြစ်ထွန်း သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ရွေးချယ် လုပ်ကိုင်ခွင့်ရရှိစေရန် မြေယာအသုံးချမှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ နေပြည်တော်ပြည်ထောင်စုနယ်မြေ ၊ တိုင်း ဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေအခြားနည်းသုံးစွဲခွင့် စိစစ်တင်ပြလာမှုများအပေါ် တည်ဆဲ လယ်ယာမြေဥပဒေပါ ပြဌာန်းချက်များ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၀၁၃ ခုနှစ် မေလ ၁၆ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များနှင့်အညီ လစဉ်ကျင်းပလျက်ရှိသော  ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးများတွင် ဆွေးနွေး  ဆုံးဖြတ် ဆောင်ရွက်ပေး လျက်ရှိသည်။ယနေ့ကျင်းပပြုလုပ်သော ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ရာတွင် ထိခိုက်ခဲ့သည့် သီးနှံ နစ်နာကြေးဆိုင်ရာများ၊ မြေလျော်ကြေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လ/န ၃၉ ခွင့်ပြုမိန့်ပယ်ဖျက်ပေးပါရန် နှင့် ပြင်ဆင်ပေးပါရန် တင်ပြလာသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး၊ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့ တင်ပြလာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။