သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝန်ကြီးဌာန ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အခြေခံ တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှိ ဝန်ထမ်းများအား နိုင်ငံခြား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ၊  စီမံကိန်းများ၊လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လွယ်ကူ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံ တရုတ်ဘာသာစကားသင်တန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး ၏ ပူးပေါင်းကူညီမှုဖြင့် ဇွန်လ ၄ ရက်နေ့က နေပြည်တော် ရုံးအမှတ် ၁၅ တွင်ဖွင့်လှစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ ဦးကျော်ငွေ နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ တာဝန်ရှိသူများ ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

မြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ပထမအကြိမ် အထူးရန်ပုံငွေဖြင့် စီမံကိန်း (၅) ခု နှင့် ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် စီမံကိန်း (၁၁) ခု အား အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ယခု တတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် ဝန်ကြီးဌာနအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော စီမံကိန်း (၁၈) ခုကိုလည်း ထပ်မံ အဆိုပြုထားကြောင်း ၊ ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲ တည်ထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက အကောင် အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ များပြားလာသည် နှင့် အမျှ ယင်းလုပ်ငန်းများအား ကိုင်တွယ် ဆောင်ရွက်နေရသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ကိုလည်း မြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း။ ဝန်ကြီးဌာန ၏ ပြည်တွင်း/ ပြည်ပ စီမံကိန်းများကို ချိတ်ဆက် ဆောင်ရွက်ပေးနေသည့် စီမံကိန်းဦးစီး ဌာနတွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေးအတွက် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဌာနစိတ်တစ်ခုကို လည်း တိုးချဲ့ဖွဲ့စည်းသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ။ ယင်းဌာနစိတ်တွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများ နှင့် သက်ဆိုင်ရာ ဦးစီးဌာနများတွင်လည်း တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိကြသည့် ဝန်ထမ်းများ အား ဘာသာစကား အခက်အခဲမရှိစေဘဲ လုပ်ငန်းများ တွင်ကျယ် စေရန်၊ ဆက်သွယ်ညှိနှိုင်းမှုများ အဆင်ပြေ ချောမွေ့စေရန် တို့ကို ရည်ရွယ်ပြီး ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ အကူအညီရယူပြီး တရုတ်ဘာသာစကား သင်တန်း ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ ဆရာမ Ms. Lu Rui က တာဝန်ယူပို့ချပေးမည်ဖြစ်ပြီး၊ ဦးစီးဌာနအသီးသီးမှ အဆိုပြုသင်တန်းသား ၄၀ ဦးတို့ တက်ရောက် လေ့လာလျက်ရှိသည်။ သင်တန်းကို ဇွန်လ ၄ ရက်နေ့မှ  နိုဝင်ဘာလ ၂၉ရက်နေ့အထိ သင်တန်းကာလ (၆) လ အတွင်း အပတ်စဉ် အင်္ဂါနေ့ မှ သောကြာနေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။