သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တရုတ်-အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်စိုက်ပျိုးပြသပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ အလားအလာကောင်း ခရမ်းချဉ် မျိုးသစ် CLN 2498D အကောင်းဆုံးဆုရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ ဟင်းသီး ဟင်းရွက် မျိုးသစ် စိုက်ပျိုးပြသပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ခရမ်းချဉ် မျိုးသစ် CLN 2498D က အကောင်းဆုံး ဆု ရရှိခဲ့ကြောင်း သိရှိရသည်။ ပြပွဲတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အလားအလာကောင်း ဟင်းသီး ဟင်းရွက် မျိုးသစ်များ အဖြစ် ခရမ်းချဉ်၊ ခရမ်း၊ ဟင်းစားပဲပုပ် နှင့် ရုံးပတီ မျိုးသစ်(၁)မျိုးစီနှင့် ငရုတ်မျိုးသစ်(၃)မျိုး၊ စုစုပေါင်း(၇) မျိုး ပါဝင်စိုက်ပျိုး ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရမ်းချဉ် CLN 2498D ၏ ထူးခြားသည့် အရည်အချင်းလက္ခဏာများမှာ ရက် ၉၀ မှ ၉၅ ရက် တွင် အသီးစတင် ဆွတ်ခူးနိုင်ပြီး ၊ အသားအထူ  ၅ မီလီမီတာ ရှိကာ အသီးတွင်း အကန့် ၂ ကန့် ပါရှိသည်။ အသီးတစ်လုံး အလေးချိန် ၅၀ မှ ၇၀ ဂရမ် ရှိပြီး တစ်ပင်မှ စျေးကွက်ဝင်အသီး ၂၅ လုံးမှ ၃၅ လုံးထိရှိသဖြင့် တစ်ဧကကို ၁၂၅၀ ပိဿာ အထွက်ရှိကြောင်း၊ ပင်ငြိုးရောဂါနှင့် အဝါရောင်ရွက်တွန့်ရောဂါဒဏ် အသင့်အတင့် ခံနိုင်ခြင်း တို့ကြောင့်  အကောင်းဆုံး ခရမ်းချဉ် မျိုးသစ် ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန က သိရှိရသည်။

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးသစ်ပြပွဲတွင် ဗူး၊ ဖရုံ၊ သခွါး၊ ခရမ်းချဉ်၊ ပြောင်း၊ ပဲပုပ်နှင့် ငရုတ် စသော ဟင်းသီးဟင်းရွက် မျိုးသစ် စုစုပေါင်း (၁၀၀၀) ကျော် ပါဝင် စိုက်ပျိုးပြသထားခြင်းဖြစ်ပြီး၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို စသော နိုင်ငံများမှ ဟင်းသီးဟင်းရွက် မျိုးသစ်ပေါင်း(၄၄) မျိုး ပါဝင်စိုက်ပျိုးပြသခြင်းဖြစ်သည်။ ၎င်းအထဲမှ မြန်မာနိုင်ငံကိုယ်စားပြု စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ အလားအလာကောင်း မျိုးဖြစ်သည့် CLN 2498D မှာ အပင်ဖြစ်ထွန်းမှုကောင်း၍ အထွက်နှုန်းကောင်းခြင်း ကြောင့် အကောင်းဆုံးခရမ်းချဉ်မျိုးသစ်တစ်မျိုးအဖြစ် ဆုရရှိခဲ့ခြင်းဖြစ်သည်။

ခရမ်းချဉ်မျိုးသစ် CLN 2498D မှာ တရုတ်- အာဆီယံ ဟင်းသီးဟင်းရွက် မျိုးသစ်ပြပွဲတွင် စိုက်ပျိုးပြသရန် အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ဟင်းသီးဟင်းရွက်မျိုးသစ် စိုက်ပျိုး ပြသပွဲတွင် ပြသနိုင်ရန်အတွက် ဖေဖော်ဝါရီလ က စိုက်ပျိုးခဲ့ခြင်းဖြစ်၍ ခရမ်းချဉ်အပင်(၄)လ အရွယ်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒေသနှင့် ကိုက်ညီပြီး၊ အပင်ဖြစ်ထွန်းမှုမှာလည်း ကောင်းမွန်ကြောင်း သတင်းရရှိသည်။