သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း တောင်ပေါ်ဒေသကျေးရွာများမှ တောင်သူ(၃၂)ဦးတို့အား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းပေး

 

ဒေသ ရေ မြေ ရာသီဥတု နှင့် ကိုက်ညီပြီး စျေးကွက် သေချာသည့် သီးနှံများ အရည်အသွေး ပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာ ၊ မျိုးကောင်း မျိုးသန့် နှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးခြင်းဖြင့် လုပ်ကွက်ငယ်တောင်သူများ ဝင်ငွေတိုးပွားစေပြီး  စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုအထိ လုပ်ကိုင်လာနိုင်ကြစေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်း ပြည်နယ် နှင့် မကွေးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းဒေသများအား အဆင့်မြင့်ကော်ဖီစိုက်ပျိုးထုတ်လုပ်ရာ ဇုန်အဖြစ် ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် အဆိုပါဒေသရှိ ကျေးရွာများမှ တောင်သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ စာတွေ့လက်တွေ့ ပို့ချပေးနိုင်ရန် “ကော်ဖီစိုက် ပျိုးထုတ်လုပ်မှုသင်တန်း” အမှတ်စဉ်(၁/၂၀၁၉)ကို ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက  ပြင်ဦးလွင်မြို့၊ မြန်မာ-ခါနန်သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ တွင် ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ ၊ ခါနန်သင်တန်းကျောင်းအုပ်ကြီး ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး နှင့် ခရိုင် / မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ချင်းပြည်နယ် နှင့် မကွေး တိုင်းဒေသကြီး အနောက်ဘက်ခြမ်း ကျေးရွာများမှ သင်တန်းသား တောင်သူများ တက်ရောက်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့် မြန်မာ-ခါနန်သင်တန်းကျောင်းတို့ ပူပေါင်း၍ ဖွင့်လှစ်သည့် “ကော်ဖီစိုက် ပျိုးထုတ်လုပ်မှုသင်တန်း” အမှတ်စဉ်(၁/၂၀၁၉)သို့ ချင်း ပြည်နယ် တောင်ပိုင်းမှ  တောင်သူ(၁၀)ဦးနှင့်  မြောက်ပိုင်းမှ တောင်သူ(၁၀)ဦး ၊ မကွေးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ နတ်ရေကန်ဒေသ တောင်ပေါ်ဒေသကျေးရွာများမှ တောင်သူ(၁၀)ဦး ၊ ပြင်ဦးလွင်ဒေသမှ တောင်သူ(၂)ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ(၃၂)ဦး တက်ရောက်လေ့လာလျက်ရှိကြပြီး အဆိုပါသင်တန်းကို  ဇူလိုင်လ ၂၂ ရက်မှ သြဂုတ်လ ၂ ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။