စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)နှင့် ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (GAFSP)တို့ ပူးပေါင်း၍ ရာသီ ဥတု နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း(CFAVC) ကနဦး ဆောင်ရွက်ရန် အလုပ်ရုံဆွေးနွေးပွဲ ကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉နာရီက နေပြည်တော် စိုက်ပျိုးပညာပေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ ADB မှ Project Officer ဖြစ်သူ Mr. Srinivasan Ancha နှင့် FAO မှ ကိုယ်စားလှယ်များ၊ စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်း ဒေသကြီး / ပြည်နယ်များမှ တာဝန်ရှိသူများ၊ စီမံကိန်းအကောင်အထည်ဖော်ရေး တွင် ပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကားပြောကြားပြီး ADB မှ Project Officer ဖြစ်သူ Mr. Srinivasan Ancha က စီမံကိန်းဆိုင်ရာများ ရှင်းလင်း ပြောကြားသည်။
နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲကိုဆက်လာကျင်းပရာ စီမံကိန်းတွင် ပါဝင် ဆောင်ရွက် ကြမည့် လုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံများရှင်းလင်းတင်ပြခြင်း၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို ဇူလိုင်လ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ၃ ရက် ကြာကျင်းပပြုလုပ်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ် (GAFSP)တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရာသီ ဥတု နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း(CFAVC) အရ မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ အတွက် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးစီးပွားရေးဆိုင်ရာတန်ဖိုးကွင်းဆက်များ တစ်လျှောက် အရေးကြီး အခြေခံ အဆောက်အအုံများ ပိုမို ကောင်းမွန်တိုးတက်စေရန်၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စမ်းသပ် စစ်ဆေး သည့် စွမ်းဆောင်ရည် တိုးမြှင့်စေရန်၊ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ပတ်သက် သူများ၏ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေ ဖြစ်သော စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်များ နှင့် နည်းပညာများဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမို တိုးတက်လာစေရန်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းများအတွက် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေကောင်းများ ပေါ်ထွန်း လာရေးကို တိုးမြှင့်ဆောင်ရွက်ရန် တို့ကိုရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ချေးငွေ အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၅ သန်းနှင့် Global Agriculture and Food Security Program (GAFSP) ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၇ သန်းဖြင့် တိုင်းဒေသကြီးသုံးခုရှိ မြို့နယ် ၁၄ မြို့နယ် တို့တွင်ရှိသော မျိုးစေ့ထုတ်ခြံ ၁၀ ခြံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ရာသီဥတုနှင့်လိုက်လျော ညီထွေရှိစေမည့် သီးနှံ ပုံစံရွေးချယ်သတ်မှတ်ရေး၊ စိုက်ပျိုး နည်းစနစ်နှင့် မျိုးရွေးချယ်ရေး လုပ်ငန်းစဉ်များတွင် စျေးကွက်လိုအပ်မှုရှိသည် ကွင်းဆက်အလိုက် တန်ဘိုးမြင့်မားရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၉ မှ ၂၀၂၅ ခုနှစ် အထိ စီမံကိန်းကာလ ၇ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အဆိုပါစီမံကိန်းတွင် ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေမည့် တန်ဖိုးကွင်း ဆက် အလိုက် သီးနှံပုံစံများ နှင့် မျိုးရွေးချယ် စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။