သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် New Holland Agriculture ကုမ္ပဏီတို့ ပူပေါင်း၍ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ () ရက်နေ့၊ နံနက် () နာရီအချိန်က ရေဆင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန (စိုက်ပျိုးရေး)တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသနပညာရှင်များ၊ စိုက်ပျိုးပညာပေး ပညာရှင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး အကြံပေးပညာရှင်များ၊ ပြည်တွင်း/ ပြည်ပမှ စိုက်ပျိုးရေးပညာရှင်များ၊ New Holland Agriculture ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဧရာဝတီတိုင်းမှ ပီလောပီနံစိုက် တောင်သူများတက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ကစားနပ်ရိက္ခာဖူလုံရေးအတွက် အလားအလာကောင်း သီးနှံဖြစ်သည့် ပီလောပီနံအား စိုက်ပျိုးသည်မှ ရိတ်သိမ်း၍စျေးကွက်သို့ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လုပ်သားရှားပါးမှုနှင့် လုပ်အားခကုန်ကျစရိတ် သက်သာမည့် စိုက်ပျိုးနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများအားလုံး အချိတ်အဆက်မိမိ လက်တွဲဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးနည်းစနစ်ကောင်းများ ဖြန့်ဝေနိုင်မှု၊ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် အရင်းအနှီး အထောက်အပံ့ပေးနိုင်မှုနှင့် စျေးကွက်အလားအလာကောင်းများဖန်တီးပေးနိုင်မှုတို့တွင် စိုက်ပျိုးရေးသုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာနိုင်မှုအခြေအနေများအား ဆွေးနွေးပြောကြားသည်။

အဆိုပါ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှု အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုနှင့်ခေတ်မီစက်ယန္တရားများ အသုံးပြုနိုင်မှု အလားအလာများ၊ ထိုင်းနိုင်ငံ၏ ပီလောပီနံ သုတေသနနှင့် စိုက်ပျိုးထုတ်လုပ်မှုများ၊ ပြည်တွင်း/ ပြည်ပ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ပီလောပီနံ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ပီလောပီနံ တွင် ကျရောက်သော ပိုးမွှားရောဂါများ၊ မြန်မာ့ ပီလောပီနံ၏ လက်ရှိအခြေအနေနှင့် အနာဂတ် အလား အလာ များနှင့် ပီလောပီနံ အထွက်နှုန်းတိုး၍ကုန်ကျစရိတ် သက်သာစေရန် စက်ယန္တရားများ နည်းစနစ်မှန်ကန်စွာ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှု အစရှိသောခေါင်းစဉ်များဖြင့် ပြည်တွင်း/ ပြည်ပမှ ပညာရှင်များက တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဝိုင်းဝန်း မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။