ဝါစိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းများတွင် နည်းပညာသစ် စက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအား စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို မေလ(၂၄)ရက်နေ့က မန္တလေး တိုင်းဒေသကြီး ၊ ဝမ်းတွင်းမြို့နယ် ၊ ဝါသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)၌ ကျင်းပ ပြုလုပ်ရာ မိတ္ထီလာ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းမှ နည်းပညာသစ် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်းမှုသင်တန်း တက်ရောက် လျက်ရှိသည့် သင်တန်းသားများ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင် မြို့နယ်များမှ လယ်ယာဝန်ဆောင်မှုအသင်းဝင်တောင်သူများတက်ရောက် လေ့လာခဲ့ကြသည်။
နယ်သတင်းများ
ချောင်းမငယ်ဆည်ဝန်းကျင် သီးနှံသစ်တော ရောနှောစိုက်ခင်း ဧရိယာတွင်ပါဝင်သည့် တောင်သူများအတွက် နည်းပညာပေးသင်တန်းများ စတင်ဆောင်ရွက်
ချောင်းမငယ် ရေလှောင်တမံ ရေရှည်တည်တံ့ခိုင်မြဲရေး ၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထွန်းကားလာစေရန် ၊ သစ်တော သစ်ပင်များ စိမ်းလန်း ဝေဆာသည့် ခရီးသွားဝန်းကျင်သစ်တစ်ခုဖြစ်ပေါ်လာစေရန် တို့အတွက် နေပြည်တော် လယ်ဝေးမြို့နယ် မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ချောင်းမငယ် ရေလှောင်တမံ ဧရိယာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ သီးနှံသစ်တော ရောနှော စိုက်ခင်းများထူထောင်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ဒေသနေ တောင်သူလယ်သမားများအား စိုက်နည်းစနစ်အလေ့အကျင့်ကောင်းများ နှင့် ရာသီအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကို မေလ ၄ ရက်နေ့ နံနက်ပိုင်းက မဒေါ့ပင်ကျေးရွာ စိုက်ပျိုးရေးအသိပညာပေးစင်တာ ၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
သဘာဝမြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖမ်းယူစားသုံးနိုင်ရေးအတွက်မန္တလေးတိုင်း ဒေသ ကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို (၂၈)ရက်နေ့ နံနက်ပိုင်းက မရမ်းခြံဆိပ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦအောင်ညီတိုး၊ဒုတိယတိုင်းဦးစီးမှူး၊ မန္တလေးခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ အောင်မြေသာစံ မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊သရက်ကုန်းငါးလုပ်ငန်းစခန်း၊ နတ်ရေကန်ငါးလုပ် ငန်းစခန်းတာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီးဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက် ထည့်ခဲ့သည်။ ငါးသယံဇာတများရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် သဘာဝမြစ်ချောင်းအင်းအိုင်များ၌ ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကောင်စီ၏လမ်းညွှန်မှုဖြင့် ၁ လက်မအရွယ် ငါးသားပေါက်များအစား သန်မာသည့်(၂)လက်မ အရွယ် ငါးသားပေါက်များကို ပြောင်းလဲအသုံးပြု၍ ငါးမျိုးများစိုက်ထည့်ရာတွင် သရက်ကုန်းစခန်းမှငါးခုံးမကြီး ၂လက်မ ကောင်ရေ (၁၅၀၀၀၀)၊ ရွှေဝါငါးကြင်း ၂လက်မကောင်ရေ(၄၀၀၀၀)နှင့် နတ်ရေကန်ငါးစခန်းမှ ငါးမြစ်ချင်း ၂လက်မ ကောင်ရေ (၁၀၀၀၀)၊ ရွှေဝါငါးကြင်း ၂လက်မ ကောင်ရေ(၂၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၂၀၀၀၀) အားမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။
ငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့် ရေသယံဇာတထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ ဉပဒေ၊ နည်းဉပဒေများနှင့် ရေသယံဇာတထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်ပွဲကို ဧပြီလ ၂၇ ရက်နံနက်ပိုင်က ပဲခူးမြို့ ငါးလုပ်ငန်း သင်တန်းကျောင်း၌ ကျန်းမာရေးဆ်ိုင်ရာညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်း ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်း က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချခြင်းကြောင့် ဒေသခံ ပြည်သူများ၊ တိုင်းဒေသကြီး အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ ရေနေသယံဇာတထိန်းသိမ်းခြင်း နည်းပညာများသိရှိ၍ ရေထွက်ကုန်ပစ္စည်းများ စနစ်တကျ ထုတ်လုပ်နိုင်ကြမည်ဖြစ်၍ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုအထောက်အကူပြုစေမည် ဖြစ်ကြောင်း သင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်/ မြို့နယ်/ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ စုစုပေါင်းသင်တန်း သား/ သူ (၂၉)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ၏ ငါးလုပ်ငန်းဆိုင်ရာ တိုးတက်မြင့်မားရေး ဆွေးနွေး
ကြေးတိုင် အင်း၊ လေလံအင်း၊ အစုအဖွဲ့အင်းလုပ်ကိုင်ကြ သည့် အင်းလုပ်သားကြီးများ ၏ ငါးဖမ်းလုပ်ငန်းများဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ အပေါ် ဖြေရှင်းကူညီပံ့ပိုးပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အင်းလုပ်ငန်းရှင်များ ငါးလုပ်ငန်းဆိုင်ရာတိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကို ဧပြီလ ၂၇ ရက် နံနက်ပိုင်း က ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်း ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့် နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများ နှင့်အဖွဲ့ဝင်များ ဖျာပုံခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှကြေးတိုင်အင်း၊ လေလံအင်း၊ အစုအဖွဲ့အင်းသားကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် သက်တမ်းတိုး ကြေးတိုင်အင်းများ လျောက်ထားခြင်းအားခွင့်ပြုပေးပါရန်ကိစ္စရပ်များ၊ သက်တမ်းတိုး ကြေးတိုင်နှင့် အသစ်လျောက်ထားသော ကြေးတိုင်းအင်းများအား ယခင်နှစ် အင်းခွန်ငွေအပေါ် ခွင့်ပြုပေးနိုင်ရေးနှင့် ငါးမျိုး စိုက်ထည့်ပြုပြင်ခြင်း(၃၀)ရာခိုင်နှုန်းအား ဆက်လက်ကောက်ခံရန် ကိစ္စများ၊ ငါးလုပ်ငန်းဦးစီးဌာန က ဖြေရှင်းပေး နိုင်မည့် အချက်များ ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ က ပံ့ပိုးပေးရန်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း၌ ငါးသားပေါက် (၁၂၀,၀၀၀)ဇီဝိတဒါန လွှတ်ပေးခဲ့
၁၇-၄-၂၀၂၁ ရက်နေ့တွင်ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားများကိုကျင်းပခဲ့ရာ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အင်းခေါင်းဆည် ၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများတက်ရောက်ကြပြီး (၂)လက်မ အရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၄၀၀၀၀)နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၅၀၀၀၀)အား စုပေါင်း၍ ဇီဝိတဒါန ငါးမျိုးလွှတ်ပေးခဲ့ကြသည်။