စပါးသီးနှံ စိုက်-မွေးသုတ လယ်ယာကဏ္ဍ

စပါးကြဲပက်စိုက်ပျိုးနည်း (Broadcasting)

မိုးဦးကာလ နှင့် မိုးလယ်ကာလ၊ မိုးခေါင်သောအခါတွင်လည်းကောင်း၊ ရေကြီးနစ်မြုပ် ဖြစ်တတ် သော ရေနက်ကွင်းများတွင်လည်းကောင်း၊ ဒီရေအတက်အကျရှိသော နေရာများတွင် လည်းကောင်း၊ သွင်းရေရရှိရန် မလွယ်ကူသော မိုးရေသောက် ကုန်းမြင့်ပိုင်း လယ်များ တွင် လည်းကောင်း၊ အချိန်လု၍ စိုက်ပျိုးရန်လိုအပ်သည့်ကာလများတွင်လည်းကောင်း၊ ဒေသ အလိုက် သင့်တော်သည့် စိုက်ပျိုးနည်းများအနက်အောက်ပါစိုက်ပျိုးနည်းကို အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

စပါးကြဲပက်စိုက်ပျိုးနည်း (Broadcasting)

စပါးကြဲပက်စိုက်ပျိုးနည်းသည် အချိန်တိုအတွင်း၊ လုပ်သားနှင့် ရေလိုအပ်ချက် နည်းနည်းဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ကုန်ကျစရိတ်လျော့နည်းစေသည့် နည်းစနစ်တစ်ခု ဖြစ်ပါသည်။ စပါးကြဲပက်စိုက်ပျိုးနည်း (၂)နည်းရှိပါသည်။ စပါးအခြောက်ကြဲပက်စိုက်ပျိုးခြင်းနှင့် အစိုကြဲပက် စိုက်ပျိုးခြင်းဟူ၍ဖြစ်ပါသည်။

ကြဲပက်စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ

အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ပါသည်။

ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပါသည်။

ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှု မရှိစေပါ။

အစိုကြဲပက်စိုက်ပျိုးခြင်းသည် အခြောက်ကြဲပက်စိုက်ပျိုးခြင်း ထက် အပင်ပေါက်ရောက်ဖြစ်ထွန်းမှုသေချာစေပါသည်။

မြေဆီလွှာရုပ်ဂုဏ်သတ္တိကို တိုးတက်ကောင်းမွန်စေပါသည်။

မျိုးတူပါက ပျိုးထောင်စိုက်ပျိုးခြင်းထက် ရိတ်သိမ်းချိန် (၇-၁၀) ရက် ခန့်စောနိုင်ပါသည်။

၁။ စပါးမျိုးရွေးချယ်ခြင်း

ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး၊ အထွက်ကောင်း မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။

အပင်အရပ်မမြင့်သော သက်လျင်၊ သက်လတ် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။

၂။ မြေပြုပြင်ခြင်း

အခြောက်ကြဲပက်စိုက်ပျိုးရာတွင် အခြောက် ထယ်ရေး ကို ပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့် ထွန်ရေး ညက်ညက် ထွန်ယက်ပြီးမှ ကြဲပက် စိုက်ပျိုးရခြင်း ဖြစ်သည်။

အစိုကြဲပက်စိုက်ပျိုးရာတွင် သမန်းပြင် ကောင်းစွာ ပြုပြင်ပြီး မှ ကြဲပက်စိုက်ပျိုးရခြင်းဖြစ်သည်။

မျိုးစေ့ချရန် သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံ မြေဩဇာ ထည့်သွင်း၍ ကြမ်းတုံးရိုက် မြေညှိပါ။

စိုက်ခင်းမြေညီညာပြီး ရေပြောင်စင်အောင် ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရမည်။

၃။ မျိုးစေ့ချခြင်း

တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၂) တင်း အသုံးပြု ရမည်။ အခြောက်ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့ကို အခြောက်အတိုင်း ကြဲပက်ပြီး ကြမ်းရိုက် ၍ ဖုံးအုပ်ရမည်။ အစိုကြဲပက်စိုက်ပျိုးရာတွင် စပါးစေ့များကို (၂၄)နာရီ ကြာ ရေစိမ်၍ ရေပေါ် ပေါ်နေသော မျိုးစေ့များကို ဖယ်ရှားကာ (၂၄) နာရီကြာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူ အနေအထား တွင် ကြဲပက်ရမည်။

မျိုးစေ့ကြဲပက်ရာတွင် ညီညာစေရန် ဂရုပြုရမည်။ မျိုးစေ့ကြဲပက် စက်ကိရိယာကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။

မျိုးစေ့ချပြီးချိန်မှ (၅)ရက် အတွင်း ကြွက်၊ ငှက်၊ တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်း မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။

အပင်ပေါက်ပြီးနောက် (၁)လအတွင်း ကောက်ပင်ဖာခြင်းလုပ်ငန်း ကို ဆောင်ရွက်ရပါမည်။

၄။ မြေဩဇာကျွေးခြင်း

နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ်သုံးစွဲပါ။

ကောက်ရိုး၊နှမ်းရိုး၊စပါးခွံစသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေး တို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏ အနည်း လို အာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ ရေထိန်းစွမ်းအား ကိုပါ တိုးတက်စေသည်။

ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ ၅ ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း) မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄ အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။

မြေဆီလွှာဓါတ်ခွဲခန်းများတွင်မြေဆီလွှာ စမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်း အသုံးပြုပါ။

စပါးအရွက်အရောင်တိုင်းကဒ် (LCC) ကို အသုံးပြု၍ နိုက်ထရိုဂျင် ဓါတ်မြေဩဇာလိုအပ်ချက်ကို အလွယ်တကူ သိရှိနိုင်ပါသည်။

၅။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း

ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။

အပင်ပေါက်ပြီး (၂)ပတ်အတွင်းရေမမြုပ်စေရန် သတိပြု ရမည်။

မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။

ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီး နောက် (၂၀-၂၅) ရက်အတွင်းရေထုတ်ပေးရပါမည်။

၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။

မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များ အား နှိမ်နင်း နိုင်သည်။

လက်ဖြင့်ဖြစ်စေ၊ ပေါင်းသတ်ဆေးဖြင့် ဖြစ်စေ ပေါင်းမြက် နှိမ်နှင်း ခြင်းကို အပင်ပေါက်ပြီး (၁)ပတ်မှ (၁)လအတွင်း ဆောင်ရွက် ရပါမည်။

စပါးမျိုးစေ့မကြဲမီနှင့် စပါးပင်ပေါက်ပြီး ပေါင်းပင်အမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်း အတိုင်းတိကျစွာ အသုံးပြုပါ ။

၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း

ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။

ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင် နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြု ခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်နိုင်ပါသည်။

၈။ ရိတ်သိမ်းခြင်း

စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်) တွင် အလေအလွင့် အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်း ချွေလှေ့၍ အခြောက်ခံပါ။

စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃) ရာခိုင်နှုန်းနှင့် စားသုံးမည့် စပါးအတွက် (၁၄) ရာခိုင်နှုန်း လိုအပ်ပါသည်။