စိုက်-မွေးသုတ

အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်း


ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အကျိုးပြုအဏုဇီဝအီးအမ်(EM)ကို လယ်ယာထွက်စွန့်ပစ်ပစ္စည်း များ၊ တိရစ္ဆာန်အညစ်အကြေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့်ရရှိလာသော မြေဆွေးဖြစ် သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ စသည်တို့နှင့် တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေနှင့် အီးအမ်(EM)ဖျော်ရည်တို့ကို ရောမွှေမွေးမြူခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီမြေဆွေးရရှိပါသည်။

ရိုးရိုး အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း
(၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်း
• စည်ပိုင်းပြတ်ထဲသို့ ရေဂါလန်(၂၀)+ အသင့်သုံးအီးအမ်ဖျော်ရည် နို့ဆီခွက်(၃)ခွက် (၁ လီတာခန့်)+ တင်လဲရည်(၃)ခွက် လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။
• အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား(၆ပေ)၊ အနံ(၃ပေ)၊ ထု(၆လက်မ) ရှိအောင် တစ်လွှာပုံပါ။
• ဖျော်ပြီးသား EM (၃)ဂါလံကို အဆိုပါ အလွှာပေါ်တွင် ဖျန်းပါ။
• နွားချေးနှင့် ဖွဲနုရောပြီး (၈)ပြည် ထပ်မံ၍ဖြူးပါ။
• ဤကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ပုံပါ။
• (၄-၅)ရက်ကြာလျှင် မြေဆွေးပုံအတွင်း လက်ဖြင့်စမ်းကြည့်လျှင် အလွန်အမင်းပူနေလျှင် အထက် အောက် လှန်ပေးပါ။
• ခြောက်နေလျှင် ရေဖျန်းပေးပါ။
• အဖြူရောင် မှိုမျှင်များတွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။
• (၇-၁၀) ရက်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်အခြေအနေ၌ပင် စတင်သုံးစွဲနိုင်ပါ သည်။
• တစ်ဧကအထွက် (၈ပုံ= ၂တန်) မှ (၂ဝပုံ= ၅တန်) သုံးပါ။
• စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။
• နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံပင်များတွင် အစိုဓါတ်ရှိချိန်၌ အပင်ခြေတွင်ထည့် ၍ မြေဖုံးပြီးသုံးပါ။
မြေဆွေးပုံရာတွင် ဂရုပြုသင့်သည့်အချက်များ
• အသုံးပြုပစ္စည်းများ၏ ကာဗွန်၊ နိုက်ထရိုဂျင် အချိုးအစား
• အသုံးပြုပစ္စည်းများ၏ အရွယ်အစားသေးငယ်လျှင် ဆွေးမြည့်မှု မြန်နိုင်သည်။
• အစိုဓာတ်(၄၀%) သည် အကောင်းဆုံးဖြစ်သည်။
• လေဝင်လေထွက်ကောင်းရမည်။
• အပူချိန် (၆၀ ဒီဂရီစင်တီဂရိတ်ခန့်) ထိန်းသိမ်းထားပါ။
• မြေဆွေးပုံ၏ အရွယ်အစား အကြီးအသေး။
• အာဟာရဖြစ်စေသော အခြားပစ္စည်းများထည့်သွင်းခြင်း။

(၂) ကျေးရွာစွန့်ပစ်အမှိုက် လယ်ယာမြေအဖိုးတန်ရတနာသိုက် ပြုလုပ်နည်း
• သင့်တော်သောနေရာတွင် အလျား(၆ပေ)၊ အနံ(၃ပေ)၊ အနက် (၆ပေ) ကျင်းတူးပါ။
• စွန့်ပစ်အမှိုက်များကို ကျင်းထဲတွင် (၁ပေ)ထု ဖြန့်ခင်းပါ။
• အီးအမ်ဖျော်ရည်ကို တစ်လွှာလျှင် (၃ ဂါလံ) နှုန်းဖြင့် ဖြန်းပါ။
• ထို့နောက် နွားချေး(၄)ပြည်ကို ညီညာစွာဖြူးပေးပါ။
• ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။
• ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင်နိမ့်ဆင်းသွားပါသည်။
• နိမ့်သွားပါက ကျင်းပြည့်အောင် ပြန်ဖြည့်ပါ။
• သီးနှံများစိုက်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။
• မိုးကျလျှင် ရေမဝင်စေရန် အမိုးမိုးပေးပါ။
(၃) နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများတွင် အီးအမ်ဘိုကာရှီ သုံးစွဲနည်း
• တစ်ဧကအတွက် ကျင်း(၅)ကျင်း လိုပါသည်။
• စိုက်ခင်းအတွင်းမှ ပေါင်းများကိုရှင်းပါ။ ရရှိသည့်ပေါင်းများကို အပင်ခြေတွင်ပုံပါ။
• အပေါ်ပုံတွင် အီးအမ်ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ (ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့်ဖြူးပေးလျှင် ပို ကောင်းပါသည်။)
• ပေါင်းရှင်းသည့်အခါတိုင်း အထက်ပါနည်းဖြင့် အပင်ခြေတွင် ထပ်မံ၍ပုံပေးပါ။
စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း (Traditional EM BOKASHI)
• စပါးခွံ၊ ဖွဲနုနှင့် နွားချေးတို့ကို ဆတူ ရောစပ်၍ပုံပါ။
• ထိုအပုံပေါ်သို့ အီးအမ်ဖျော်ရည်ကို သမအောင်ဖျန်း၍ မွှေပါ။
• လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှ ရေမထွက်စေရပါ။
• လက်ဖြင့်ဆုပ်၍ လက်ဖြန့်လိုက်ပါက အလုံးမပျက်စေရပါ။
• ယင်းအခြေအနေတွင် ရောစပ်ပြီး ပစ္စည်းများကို လေလုံအိတ်တွင် ထည့်၍ ချည်နှောင်ပြီး အရိပ်ထဲ တွင် ထားပါ။
• နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀)ရက် ကြာလျှင် မြေဆွေးအဖြစ် စတင်အသုံးပြုနိုင် သည်။
• ကြာရှည်သိုလှောင်ပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲသို့ပြန်ထည့်၍ သိုလှောင်အသုံးပြုနိုင် ပါသည်။ (၆) လခန့်အထိ သုံးနိုင်ပါသည်။
• တစ်ဧကအနည်းဆုံး ပိဿာ(၅၀၀) အသုံးပြုရမည်။ မြေပြင်ချိန် ကြဲပက်၍တစ်ကြိမ်နှင့် သမန်းနှိုး ချိန်တွင် တန်းကြားအတွင်းဖြူး၍ အနည်းဆုံးနှစ်ကြိမ် ခွဲသုံးပါ။
စူပါအီးအမ်ဘိုကာရှီမြေဆွေး အမြန်ပြုလုပ်နည်း (Rapid Super EM BOKASHI)
• ဖွဲနု (သို့မဟုတ်)ဆန်ကွဲ အနည်းဆုံး တစ်ပြည်ကို ရေဖြင့် ခပ်ပျစ်ပျစ်ကျို၍ အအေးခံပါ။
• အသင့်သုံးအီးအမ်(EM) ဖျော်ရည် ငှက်ပျောဖူးပုလင်း (၁)ပုလင်း ရောစပ်၍ (၂)နာရီကြာ ထားပြီး သုံးပါ။
• ထယ်ရေးပြင်ချိန်တွင် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်ကြိမ်၊ ပန်းပွင့်ချိန် တစ်ကြိမ် ကြဲပက် ထည့်ပါ။


အီးအမ်ဘိုကာရှီ အသုံးပြုခြင်း၏ အကျိုးကျေးဇူး
• သုတေသနများအရ သီးနှံအထွက်ကို သိသိသာသာတိုးလာစေရန် စွမ်းဆောင်နိုင်ခြင်း။
• မြေဆီသြဇာတက်စေပြီး အာဟာရနှင့်ရေကို ပိုမိုထိန်းသိမ်းလာနိုင်ခြင်း။
• အဏုဇီဝပိုးများ ပွားများလာပြီး မြေတွင်းအာဟာရဓာတ်များ အပင်မှ ပိုမိုရရှိလာနိုင်ခြင်း။
• မြေအောက်ရေအပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း။
• ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာပြုလုပ်နိုင်ခြင်း။
• လယ်ယာစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ပြီး ဖန်လုံအိမ်အာနိသစ် မဖြစ်ပေါ် စေရန် တဖက်တလမ်းမှ အကူအညီပေးခြင်း။

EM ဘိုကာရှီ မြေဆွေးပုံပြုလုပ်သုံးစွဲနည်းပညာပေးသရုပ်ပြပွဲ(ကံကြီးကုန်ကျေးရွာ)