မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး အဆင့်မြင့်အရာရှိများ အစည်းအဝေး နှင့် ပထမ အကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ဘင်းမ်စတက် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ၏ ဒုတိယအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့နံနက် (၁၀)နာရီ အချိန်က နေပြည်တော် ရုံးအမှတ်(၁၅) ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်၍ အမှာစကား ပြောကြားသည်။
အကြိုညှိနှိုင်း အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဦးကျော်မင်းဦး နှင့် ဦးကျော်ငွေ ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ကော်မတီအသီးသီးမှ ဥက္ကဌ နှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ဘင်းမ်စတက် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ၏ ဒုတိယ အကြိမ် အကြိုညှိနှိုင်း အစည်းအဝေး တွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များ ကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အကြိုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကြိုဆိုရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ များ၊ သံတမန်ရေးရာလုပ်ငန်းများ၊ ဧည့်ခံရေးဆိုင်ရာများ၊ ပြန်ကြားရေး နှင့် သတင်း ထုတ်ပြန်ရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး နှင့် အစည်းအဝေး တက်ရောက် လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation – BIMSTEC) ဘင်းမ်စတက် ၌ လယ်ယာကဏ္ဍတွင် ဦးဆောင် နိုင်ငံအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ပထမအကြိမ် စိုက်ပျိုးရေး အဆင့်မြင့် အရာရှိများ အစည်းအဝေး နှင့် ပထမ အကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများ အစည်းအဝေးများ ကို နေပြည်တော်၊ Hilton Nay Pyi Taw Hotel တွင် ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။