ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ ပထမအကြိမ် အစည်းအဝေး ၏ ပူးတွဲကြေညာချက်

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့

နေပြည်တော်၊ မြန်မာနိုင်ငံ

“စားနပ်ရိက္ခာနှင့်အဟာရပြည့်ဝစေရေးအတွက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍဖြစ်ထွန်းစေခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်သာယာဝပြောစေရေး”

ပထမအကြိမ်ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးအား ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံ၊နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး သို့ ဘင်းမတက်အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များကို နောက်ဆက်တွဲ-၁ ဖြင့်ဖေါ်ပြအပ်ပါသည်။ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် Ambassador M Shahidul Islam မှလည်းပါဝင် တက်ရောက်ခဲ့ပါသည်။

ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အောက်ဖေါ်ပြပါ ပူးတွဲကြေညာ ချက်အပေါ် သဘောတူညီခဲ့ကြသည်။

၁။      ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးပူးပေါင်း ဆောင် ရွက်ခြင်းသည် စားနပ်ရိက္ခာဖူလုံရေးနှင့်အဟာရပြည့်ဝမှုရှိစေရေး၊ လယ်သမားများ၏ ဘဝသာယာဝ ပြော စေရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ ဆင်းရဲမှုပပျောက်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်စေရေးအတွက် ဖြည့်စွက်ကူညီဆောင်ရွက် ပေးနိုင်ပါ သည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိနီပေါနိုင်ငံ၊ ကက်သ်မန်ဒူ မြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်း အဝေး တွင် ကျွန်ုပ်တို့၏ နိုင်ငံခေါင်းဆောင်များမှ လမ်းညွှန်ချမှတ်ချက်အရ စားနပ်ရိက္ခာဖူလုံရေးနှင့် အဟာရပြည့်ဝ မှုရှိစေရေး၊ မိရိုးဖလာ စိုက်ပျိုးရေးနှင့်စပ်လျဉ်းသည့် ဗဟုသုတများကို မပျောက်ပျက်စေရေးနှင့် ကုန်ကျစရိတ်လျော့နည်းစေရေး၊ စိုက်ပျိုးရေးလုပ်ကိုင်သည့် အသိုက် အဝန်းများ၏ ဝင်ငွေ တိုးတက်စေရေးနှင့် ထိခိုက်နစ်နာမှုများ လျော့နည်းသက်သာ စေရေးတို့အတွက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအား တိုးမြင့်သင့်ပါကြောင်း မှတ်သား ခဲ့ရပါသည်။

၂။      ကျွန်ုပ်တို့သည် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ သဘောတူညီထားသော ဘုံစီမံကိန်းများအနက် အောက်ဖေါ်ပြပါ ဘုံစီမံကိန်း (၃)ခုအား အောင်မြင်စွာအကောင်အထည်ဖေါ် ဆောင်နိုင်ခဲ့သည့်အတွက် များစွာကျေနပ်အားရမိပါ သည်။

(က)  ထိုင်းနိုင်ငံ၌ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိနှင့် ၂၀၁၆ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုး တက်လာစေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ

(ခ)  ဘူတန်နိုင်ငံ၌ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပခဲ့သည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်စေရေးဆိုင်ရာ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ

(ဂ)  နီပေါနိုင်ငံ၌ ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပခဲ့သည့် ဒေသတွင်းရှိ ဝက်သားစျေးကွက်၏တန်ဖိုးကွင်းဆက်များ ခိုင်မာလာစေရေး ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ နှင့် မြန်မာနိုင်ငံ၊ နေပြည် တော်တွင်၂၀၁၈ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ ်ကျင်းပခဲ့သည့် ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်စိုက်ပျိုးရေးဆိုင်ရာတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ

၃။      ကျွန်ုပ်တို့သည် စားနပ်ရိက္ခာနှင့်အဟာရ ဖူလုံ မှုရှိစေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးပန်းတိုင်များပြည့်မှီမှုကို အထောက်အကူပြု စေရေးတို့အတွက် စိုက်ပျိုးရေး ကဏ္ဍရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေခြင်းသည် အရေးကြီးကြောင်း ထပ်မံပြောကြား ခဲ့ပါသည်။

၄။      ကျွန်ုပ်တို့သည် ဘင်းမ်စတက်နိုင်ငံများအတွက်   စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံသင်တန်းသားနှင့် ပါရဂူဘွဲ့သင်တန်းသား (၅)ဦးစီ တို့ကို ပြည့်အဝကူညီ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံအစိုးရမှ ကမ်းလှန်းချက်အပေါ် အထူးကျေးဇူးတင်ရှိ ပါသည်။

၅။      ကျွန်ုပ်တို့သည် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် သတ်မှတ်ထားသော ဘုံစီမံ ကိန်းများ လျင်မြန်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ဒေသ တွင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့်ကိုက်ညီမှုရှိစေမည့် စီမံကိန်းအဆိုပြုလွှာအသစ်များကို ပြင်ဆင်ရေးဆွဲနိုင်ရေးတို့ကို ဆောင်ရွက်ရန် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား တာဝန်ပေးအပ်ခဲ့သည်။

၆။      ကျွန်ုပ်တို့၏ခေါင်းဆောင်များမှ (၄)ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်း အဝေး ၏ ကြေညာစာတမ်းတွင်ဖေါ်ပြချက်အရ ဘင်းမ်စတက်နိုင်ငံများ၏ သုတေသနနှင့် စီမံကိန်း များ၊ ဘင်းမ်စတက်ဗဟိုဌာနများနှင့်လုပ်ငန်းအဖွဲ့များ၏ စီမံကိန်းများ၊ အစီအစဉ်များနှင့် အခြားသောဆောင်ရွက်မှုလုပ်ငန်းများအတွက်  ငွေကြေးထောက်ပံ့ပေးနိုင်ရန် အဖွဲ့ဝင် နိုင်ငံ များမှ မိမိတို့သဘောဆန္ဒဖြင့် သင့်လျော်သည့်အချိန်တွင် ထည့်ဝင်မည့် ဘင်းမ်စတက် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ တည်ထောင်ရန်နှင့်  စိုက်ပျိုးရေးကဏ္ဍအောက်ရှိ ဘုံစီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် ဘင်းမ်စတက်ဖွံ့ဖြိုးတိုးတက် ရေးရန်ပုံငွေ တည်ထောင်ရန်ရန်ပုံငွေအား မကြာမီတည်ထောင်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။

၇။      အဖွဲ့ဝင်နိုင်ငံများသည် ဘင်းမ်စတက်ဖွံ့ဖြိုးတိုးတက် ရန်ပုံငွေ တည်ထောင်ပြီး သည် အထိ ဘုံစီမံကိန်းများအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကျငွေများကို တာဝန်ယူဆောင်ရွက်ပေးမှုအပေါ် ကျွန်ုပ်တို့မှ များစွာကျေနပ်မိပါသည်။

၈။      ကျွန်ုပ်တို့သည် စားနပ်ရိက္ခာနှင့်အဟာရဖူလုံမှုရှိစေရေးအတွက် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည် ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးမှတဆင့် စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် အမြတ်အစွန်း တိုးမြင့်စေရေးအတွက် စိုက်ပျိုးရေးနှင့်ဆက်စပ်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင် ရွက်မှုတိုးမြင့် စေရန် စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများနှင့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့အား တာဝန်ပေးအပ်ခဲ့ပါသည်။

၉။      ကျွန်ုပ်တို့သည် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကို နှစ်နှစ်လျင် တစ်ကြိမ်ကျင်းပရန် သဘောတူညီခဲ့ကြပါသည်။  ဒုတိယအကြိမ်မြောက် ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများအစည်းအဝေးအား ကျင်းပမည့်နိုင်ငံနှင့်နေ့ရက်နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၁၀။    ကျွန်ုပ်တို့သည် ပထမအကြိမ်ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးအား အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးခဲ့ပြီး အစည်းအဝေးအတွက် ဧည့်ဝတ်ပြူငှာစွာဖြင့် ကြိုဆိုမှုဖြင့် အကောင်းဆုံးစီစဉ်ထားရှိခဲ့သည့် မြန်မာနိုင်ငံအစိုးအရအား အထူးကျေးဇူး တင်ရှိပါကြောင်း လေးနက်စွာပြောကြားခဲ့သည်။

၁၁။    ကျွန်ုပ်တို့သည် ဤအစည်းအဝေးဖြစ်မြောက်အောင်မြင်ရေးအတွက် လိုအပ်သည်များ အား ကူညီဆောင်ရွက်ပေးခဲ့သော ဘင်းမ်စတက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား ကျေးဇူးတင်ရှိပါသည်။