ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

BIMSTEC ၏ စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ ပထမအကြိမ် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသည့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေး နှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ဘင်းမ်စတက် ၏ စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ ပထမအကြိမ် အစည်းအဝေး ကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ် H.E. Ambassador M.Shahidul Islam တို့က အဖွင့် အမှာစကားများ အသီးသီးပြောကြားကြသည်။

ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ မြန်မာ ၊ သီရိလင်္ကာ၊ ထိုင်း ၊ နီပေါ နှင့် ဘူတန် နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေး နှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ဘင်းမ်စတက် အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်မှုသည် ညီမျှမှု မရှိသော်လည်း တူညီသော စိန်ခေါ်မှုများ ရှိနေသည့် အတွက် စီးပွားရေး ပေါင်းစည်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေး၊ ဆင်းရဲမှု ပပျောက်စေရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်စေရေး၊ စီးပွားရေး တိုးတက်မှု ညီမျှစေရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည် တည်တံ့စေရေးတို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

ယခုကျင်းပသည့် ဘင်းမ်စတက် ၏ စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ ပထမအကြိမ် အစည်းအဝေး ကို “စားနပ်ရိက္ခာ ဖူလုံရေးနှင့် အဟာရပြည့်ဝစေရေး အတွက် ရာသီဥတုပြောင်းလဲမှုအား ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေး မှတဆင့် စိုက်ပျိုးထုတ်လုပ်သူများ သာယာဝပြောစေရေး” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးတွင် စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ က ဘင်းမ်စတက် နိုင်ငံများအကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သင့် သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍လမ်းညွှန်မှုပြုခြင်း၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ တွင် ကျင်းပခဲ့သည့် ပထမအကြိမ်ဘင်းမ်စတက်စိုက်ပျိုးရေး ဆိုင်ရာအဆင့်မြင့်အရာရှိများ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် အကြံပြုချက်များ အား အတည်ပြုလက်ခံခြင်း၊ အစည်းအဝေးတွင် ထုတ်ပြန်မည့် ပူးတွဲကြေညာချက် မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ ဒုတိယအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကျင်းပမည့် နေ့ရက်၊ နေရာနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။