ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နော်ဝေနိုင်ငံ Insitiute of Marine Research(IMR) နှင့် ငါးလေလံစျေးများအား လေ့လာ

စိုက်ပျိုးရေး၊မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နော်ဝေနိုင်ငံအစိုးရနှင့် နော်ဝေနိုင်ငံ Bergen မြို့ရှိ Insitiute of Marine Research(IMR) တို့၏ ဖိတ်ကြားချက် အရ မြန်မာ-နော်ဝေ နှစ်နိုင်ငံ ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ညှိနှိုင်း တိုးမြှင့်မှုများ ဆောင်ရွက် ရန် နော်ဝေနိုင်ငံ ငါးလုပ်ငန်းကဏ္ဍနှင့် စီမံခန့်ခွဲမှုအပေါ် ပိုမိုသိရှိ နားလည်စေရန်နှင့် ငါးလုပ်ငန်းကဏ္ဍတွင် အဓိကပါဝင်ပတ်သက်သူများ ပိုမိုသိကျွမ်းစေရန် ရည်ရွယ်၍ နော်ဝေနိုင်ငံ သို့လေ့လာရေး သွားရောက်ခဲ့ကြသည်။

 ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အောက်တိုဘာလ ၂၁ ရက် ရက်နေ့တွင်  Bergen မြို့ရှိ Insitiute of Marine Research(IMR) သို့ ရောက်ရှိစဉ် နော်ဝေနိုင်ငံ ငါးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူများ၊ သုတေသန ပညာရှင်များ၊ နော်ဝေနိုင်ငံ တပ်မတော်ရေနှင့် ကမ်းခြေစောင့်ရဲတပ်ဖွဲ့ တာဝန်ခံများ က ငါးအလွန်အကျွံဖမ်းဆီးခြင်းအား လျှော့ချရေး၊ ပတ်ဝန်းကျင်ကိုမထိ ခိုက်စေဘဲ ငါးမွေးမြူခြင်း ဆိုင်ရာနည်းပညာများနှင့် ရောဂါကျရောက် နိုင်မှုအခြေအနေများ အား စောင့်ကြည့်ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာများ၊ ပင်လယ်ပြင် အတွင်း ငါးလုပ်ငန်း၊ ရေတပ်၊ ကမ်းခြေစောင့် ရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ကင်းလှည့်စစ်ဆေးခြင်း၊ သုတေသနရလဒ် အပေါ်အခြခံပြီး ငါးလုပ်ငန်း စီမံခန့်ခွဲမှု စောင့်ကြည့်ထိန်းချုပ်ခြင်းအပါအဝင် နှစ်နိုင်ငံ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး က မိမိတို့နိုင်ငံ၏ ငါးသယံဇာတထိန်းသိမ်းနေမှု အခြေအနေများ၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူမှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ အိမ်နီးချင်း နိုင်ငံများနှင့်ပူးပေါင်းပြီး ငါးသယံဇာတ သုတေသနပြု ဆောင်ရွက်နေမှုများ၊ နော်ဝေနိုင်ငံနှင့်FAOတို့၏ အစီအစဉ်အရ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် မြန်မာ့ ပိုင်နက် ရေပြင်အတွင်း ငါးသယံဇာတတည်ရှိမှုအခြေအနေ ၊ ရေငံဒေသဆိုင်ရာ ပြောင်းလဲမှု အခြေအနေများ၊ မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတွင် Micro Plastic ပါဝင်မှုအား သုတေသန ဆောင်ရွက်ထားရှိမှု ရလဒ်အပေါ် စီမံခန့်ခွဲမှုအခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နော်ဝေနိုင်ငံ Bergen မြို့ ရှိသည့် ငါးလေလံစျေး အား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။