နယ်သတင်းများ သတင်းကဏ္ဍ

ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်တွင် ရွှေခရုဥမြုံများ စုပေါင်း ကောက်ယူဖျက်ဆီး

       

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် ရွှေခရုကြောင့် မိုးစပါးခင်းများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရွှေခရု ဥမြုံများ စုပေါင်း ကောက်ယူ ဖျက်ဆီးပွဲကို ဇူလိုင်လ(၆)နေ့က ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ရှေ့တွင်ကျင်းပရာ ပဲခူးခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ယာယီမြို့နယ်ဦးစီးမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံတောင်သူများ၊ စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း အင်အား (၆၅)ဦး တက်ရောက်ကြသည်။

အဆိုပါ ရွှေခရု ဥမြုံများ စုပေါင်းကောက်ယူ ဖျက်ဆီးပွဲ၌ ခရိုင်ဦးစီးမှူး က ရွှေခရု၏ ဘဝ စက်ဝန်းလည်ပတ်ပုံ၊ ကျရောက်ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နင်းနည်းများ အား ရှင်းလင်းပြောကြားပြီး ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး က ရွှေခရု အား စုပေါင်း ကာကွယ်ကြရန် နှင့် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရန်လိုအပ် ချက်များအား ဆွေးနွေးပြောကြားသည်။

ရွှေခရုမျိုးစိတ်ပေါင်း (၁၀၀)ကျော်ရှိပြီး စပါးစိုက်ခင်းများတွင် ဆိုးရွားစွာ ကျရောက် ဖျက်ဆီးနိုင်သော ရွှေခရု (Pomacea canaliculata နှင့် Pomacea maculata) ဟူ၍ မျိုးစိတ်(၂)မျိုး ရှိကြောင်း၊ မျိုးစိတ်(၂)မျိုးအား ရွှံ့ညိုရောင်နှင့် ရွှေရောင် ဟူ၍ ခွဲခြားနိုင်သည်။ အမေရိကန်နိုင်ငံမှ အာရှနိုင်ငံများသို့ ၁၉၈၀ ခုနှစ်ခန့်တွင် အစား အသောက်အလို့ငှာ ရွှေခရု ရောက်ရှိပြန့်နှံ့ခဲ့ပြီး ယခုအခါ စပါးဖျက်ပိုးအဖြစ် ဆိုးရွားလာလျက်ရှိသည်။

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် မျိုးစိတ်(၂)မျိုးလုံး တေွ့ရှိနေရပြီး ရေသွင်း ရေထုတ် မြောင်းများမှ မျောပါ ပျံ့နှံ့လာလျက်ရှိကြောင်း၊ ရေကြီး နစ်မြုပ်မှု ဖြစ်ပေါ် ပါကလည်း လျှင်မြန်စွာ ပျံ့နှံ့နိုင်ပါကြောင်း၊ တိုက်ရိုက်မျိုးစေ့ချ စပါးစိုက်ခင်းများနှင့် ကြဲခင်းများတွင် စပါးကြဲပြီးချိန်မှ(၂၁)ရက်အတွင်း၊ ရွှေ့ပြောင်းစိုက်ခင်းများတွင် ပျိုးသက်ငယ် စိုက်ခင်းများ၌ စိုက်ပြီး(၁၀)ရက်အတွင်း အပင်ခြေမှဖြတ်တောက်၍ တစ်ပင်လုံး စားသောက်ဖျက်ဆီးတတ်ကာ ရွှေခရုတစ်ကောင်သည် တစ်နေ့လျှင် (၃) ပေပတ်လည်ခန့် ဖျက်ဆီးနိုင်သဖြင့် ရွှေခရု အကောင်(၅၀၀၀)ခန့် ရှိပါက တစ်ရက်အတွင်း တစ်ဧကလုံးပျက်စီးနိုင်ကြောင်း ခရိုင်ဦးစီးမှူးက ရှင်းလင်းပြောကြားသည်။

ရွှေခရုသည် လိင်စုံ သတ္တဝါဖြစ်၍ အကောင်တိုင်း ဥဥနိုင်ပြီး တစ်ကြိမ်ဥလျှင် (၁၀၀) ဥ မှ (၁၀၀၀)အထိ ပေါက်ပွားနှုန်း မြင့်မားသဖြင့် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။

ဥဥချိန်နှင့် ဆောင်းခိုချိန်များသည် ရွှေခရု နှိမ်နင်းရန် အထိရောက်ဆုံးအချိန်များ ဖြစ်၍ ယခုအချိန်သည် ဥဥချိန်ဖြစ်ရာ ဥမြုံများကောက်ယူ ဖျက်ဆီးပါက အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဖြစသည်။ နောက်တစ်ကြိမ် ဖြစ်သည့် ဆောင်းခိုချိန်တွင် နွေထယ်ရေးခံ နေခြောက်လှန်ခြင်းနှင့် လက်ဖြင့်ကောက်ယူ ဖျက်ဆီးခြင်းတို့ဆောင်ရွက်ရန်လိုအပ်သည်။

စပါးပင်ငယ်စဉ်တွင် ရေပြောင်စင်အောင်ထုတ်ထားရန် လိုအပ်ပြီး၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်သည်။ ပျိုးသက်ကြီး ပျိုးထောင်၍ စိုက်ပျိုးပါက ရွှေခရုကျရောက်မှု သက်သာ နိုင်ပြီး ရွှေခရုကာကွယ်ရန် အတွက် စိုက်ခင်းများ အတွင်း ဆေးရွက်ကြီးနှင့်ရှောက်/သံပုရာ အရွက်များထည့်သွင်းအသုံးပြု နိုင်သကဲ့သို့ ရေဝင် ကတွတ်ပေါက်များတွင် စကာပိုက်ကဲ့သို့သော အတားအဆီးများပြုလုပ် သုံးစွဲရန် လိုအပ်သည်။ ခရုသတ်ဆေးများသည် အဆိပ်ပြင်းထန်သဖြင့် လိုအပ်မှသာ ထိရောက်သော သုံးစွဲနည်းများအတိုင်း တိကျစွာလိုက်နာရန်နှင့် စိုက်ပျိုးရေးဦးစီးဌာန မှ ကျွမ်းကျင်သူများ ၏ အကြံဉာဏ်များရယူ သုံးစွဲသင့်ပါသည်။

ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့တွင် ကျင်းပ သည့် ရွှေခရုနှိမ်နင်းရေးအခမ်းအနားတွင် ဒေသနေတောင်သူများ စုပေါင်း ကောက်ယူ ထားသည့် ရွှေခရုဥမြုံ တစ်သိန်းကျော်အား လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်စီးခဲ့ပြီး အပျက်အစီးများအား မြေမြှုပ်ခဲ့ကြောင်း သတင်းရရှိသည်။