သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပဲခူးတိုင်းဒေသကြီးတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျော့ချလာနိုင်စေရန်၊ သစ်တောပြုန်းတီးမှုကာကွယ်ခြင်းကို တဘက်တလမ်းမှ အထောက်အကူပြုနိုင်စေရန်၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန တို့ပူးပေါင်း ဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ ကို ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက ပဲခူးမြို့ ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းတွင်ပါဝင် ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်မည့်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် စွမ်းအားမြှင့်မီးဖိုများအသုံးပြုမှုကိုလက်တွေ့ပြသပြီး စီမံကိန်းတွင် ပါဝင်အကောင်အထည် ဖော် ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ စီမံကိန်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပပြီး ပါဝင်တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းမှုကို စီမံကိန်းဒါရိုက်တာ နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် Carbon Credit များ ရရှိလာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့ဆေးမားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများ အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ အပြင် ကျေးလက်ဒေသအခြေခံလူတန်းစားများ၏ အသက်မွေးဝမ်းကျောင်း ဘဝ တိုးတက်မြင့်မား လာစေရန် နှင့် လူမှုရေးအသိပညာပေး စောင့်ရှောက်မှုများ တိုးမြှင့် ပံ့ပိုးပေးနိုင်ရန် တို့ကိုအကျိုးပြုနိုင်မည်ဖြစ်သည်။

လူတို့၏ နေ့စဉ် ချက်ပြုတ်စားသောက်မှုတွင် ထင်းသုံးစွဲမှုလျော့ချနိုင် သဖြင့် သစ်တောပြုန်းတီးမှု နှင့် ကာဗွန်ထုတ်လုပ်မှုလျော့နည်းလာစေရန် စွမ်းအားမြှင့်မီးဖို သုံးစွဲလာကြစေရန် စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ၏ မြို့နယ် ၂၈ မြို့နယ်ရှိ ကျေးရွာ ၃၇၂၆ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၄၆၈၀၀၀ တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။