သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

(B4R) ဖုန်းဆော့ဖ်ဝဲလ်ကို အသုံးပြု၍ စမ်းသပ်ကွက်မှတ်တမ်းများအား ကောက်ယူ ၊ QR Code Scanning နည်းပညာဖြင့် စမ်းသပ်ကွက်မှတ်တမ်း (Data) ကောက်ယူခြင်း လက်တွေ့ပြသ

နိုင်ငံတကာ သုတေသနဌာနများ၌ သုတေသနမှတ်တမ်း (Data) များအား Quick Response (QR) စနစ် (သို့မဟုတ်) ဆောဖ့်ဝဲလ် (Application) ကို အသုံးပြု၍ ကောက်ယူနေပြီဖြစ်သကဲ့သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဦးစီးဌာန (IRRI) တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် စပါးသုတေသနစီမံကိန်းများတွင်လည်း QR Code Scanning စနစ်အသုံးပြုကာ မှတ်တမ်းကောက်ယူနေမှုအား သိရှိနားလည်စေရန်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနဆောင်ရွက်နေမှုများအား နိုင်ငံတကာအဆင့်နှင့် ရင်ဘောင်တန်းနိုင်ရန်နှင့် တိကျခိုင်မာသော သုတေသနတွေ့ရှိချက်များရရှိကာ၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ Quick Response (QR) Code Scanning လုပ်၍ စမ်းသပ်ကွက်မှတ်တမ်း (Data) များ ကောက်ယူမှု လက်တွေ့ပြသခြင်းကို စပါးသုတေသနဌာနစု ကွင်းရှိ DAR နှင့် IRRI တို့ ပူးပေါင်းဆောင်ရွက်သည့် စပါးစမ်းသပ်ကွက်၌ ဇွန်လ (၁၇) ရက်နေ့၊ နံနက် ရနာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က သုတေသနပညာရှင်များ၊ စီမံခန့်ခွဲမှုအဆင့် ရောက်ရှိနေသူများသည် နိုင်ငံတကာ၌ နည်းပညာရပ်များအား မည်သို့ဆောင်ရွက်နေသည်ကို စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ပြီး၊ ထိုလေ့လာမှုများကို အခြေခံကာ လုပ်ငန်းများအားလုံးကို ခေတ်မီအောင် တွေးတောကြံဆ အကောင်အထည်ဖော်ကာ စမ်းသစ်တီထွင်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မျိုးဆက်သစ် သုတေသနပညာရှင်များအနေဖြင့် ကြုံတွေ့လာရမည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း (Reactive) ထက် ဖြစ်လာနိုင်မည့် အခက်အခဲများနှင့် ကြုံတွေ့လာနိုင်မည့် ပြဿနာများကို ကြံဆကာ တက်ကြွစွာစတင်ဆောင်ရွက်ခြင်း (Proactive) လုပ်ရမည်ဖြစ်ကြောင်း၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် အောင်မြင်သော သုတေသနပညာရှင်ဖြစ်ရန် တိုးတက်လိုစိတ် ရှိရမည့်အပြင် တိုးတက်စေသော နည်းလမ်းများကိုလည်း တီထွင်ကြံဆ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ယခု QR Code Scanning စနစ်ဖြင့် စမ်းသပ်ကွက် မှတ်တမ်းများ ကောက်ယူမှုအား သေချာမှတ်သားကာ လက်တွေ့အသုံးချနိုင်ရန် လေ့ကျင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မှီ သုတေသနမှတ်တမ်းများ ကောက်ယူမှုကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) တွင်လည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ လူငယ် မျိုးဆက်သစ် သုတေသီများအားလည်း လက်ဆင့်ကမ်း သင်ကြားပေးထားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများအားလုံးကို လူဖြင့်လုပ်ဆောင်ခြင်း (Manual Operation) မှ တိုးတက်လာသောနည်းပညာ (Information Technology) အခြေခံ၍ အလိုလျောက်နှင့် ထိန်းချုပ်မှုစနစ် (Automation and Control) ကို အသုံးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ သုတေသနပညာရှင်များကဲ့သို့ စက်များကို အသုံးချကာ သုတေသန ဓါတ်ခွဲခန်းများ၊ စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် (ISO Certificate)များ ရရှိအောင်လုပ်၍ အရည်အသွေးပြည့်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲမှု၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မှုတို့တွင်လည်း နိုင်ငံတကာနှင့်ရင်ဘောင်တန်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် DAR နှင့် IRRI တို့ ပူးပေါင်းဆောင်ရွက်နေသည့် စပါးသုတေသနစီမံကိန်းမှ တာဝန်ခံများဖြစ်ကြသော ဒေါ်ဆုမြတ်နိုးနှင်း၊ ဒေါ်နန်းအိအိစံနှင့် ဦးနိုင်ဝင်းထွဋ် တို့က Breeding for Rice (B4R) ဖုန်းဆော့ဖ်ဝဲလ်ကို အသုံးပြု၍ စမ်းသပ်ကွက်မှတ်တမ်းများအား ကောက်ယူနေပုံများအား လက်တွေ့သရုပ်ပြ ရှင်းလင်းပြသကြရာ၊ တက်ရောက်လာကြသည့် သုတေသနပညာရှင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။

အဆိုပါ (B4R) ဖုန်းဆော့ဖ်ဝဲလ်သည် မြန်မာနိုင်ငံတွင် စမ်းသပ်ဆောင်ရွက်နေသည့် စပါးမျိုးများ မွေးမြူရွေးချယ်ခြင်း စမ်းသပ်ကွက်မှ မှတ်တမ်းအချက်အလက်များကို ဖုန်းဆော့ဖ်ဝဲလ်ကို အသုံးပြုကာ အင်တာနက်မရရှိသော အခြေအနေတွင်လည်း မှတ်တမ်းများ ကောက်ယူ သိမ်းဆည်းနိုင်ရန် ရေးဆွဲထားသည့် နည်းစနစ်ဖြစ်သကဲ့သို့ အင်တာနက်ရရှိသည့်အခါ မူလဆာဗာနှင့် ချိတ်ဆက်မိကာ ကောက်ယူပြီးသည့် စမ်းသပ်ကွက်မှတ်တမ်းများကို သိုလှောင်သိမ်းဆည်းပေးပြီး၊ သက်ဆိုင်ရာ သုတေသနပညာရှင်အနေဖြင့် မှတ်တမ်းအချက်အလက်များကို အချိန်မရွေးပြန်လည် စိစစ်နေနိုင်မည့် နည်းပညာဖြစ်ကြောင်းသိရှိရသည်။