နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းအား လှည့်လည် ကြည့်ရှု

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့် တာဝန်ရှိသူ များနှင့်အတူ နိုဝင်ဘာ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီးပန်းတနော် မြို့နယ်ရှိ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းအား လှည့်လည်ကြည့်ရှုသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် ပန်းတနော် မြို့နယ်ရှိ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့် က ရေထွက်ပစ္စည်း များနှင့် ယင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုလုပ်ထား သည့် ငါးဟင်းအမယ်များနှင့် ရေထွက်ပစ္စည်းများအား ဓာတ်ခွဲဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက ဘက်စုံစီမံကိန်းဖြစ်ပေါ်လာမှု အခြေအနေများ၊ ရေထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့နိုင်ရန် ဆောင်ရွက်နေ သည့် အခြေအနေများ၊ စီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယသမ္မတက အောက်တိုဘာ ၉ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ယခုစီမံကိန်းအတွက် လျှပ်စစ် ဓာတ်အားနှင့် အခြားလိုအပ်ချက်များ တင်ပြချက်အရ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးညှိနှိုင်းပေးနိုင် ရေးအတွက် မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုရန် လာရောက်ခြင်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာသားငါးကဏ္ဍသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာထွက်သီးနှံများသည် ပြည်ပ တင်ပို့ရောင်းချရာတွင် ဈေးကွက်ကန့်သတ်ချက် အနည်းနှင့် အများရှိသော်လည်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချ ရာတွင် လက်ရှိအခြေအနေသည် ဈေးကွက်အလားအလာ အကောင်းဆုံး အနေအထားတွင် ရှိပါကြောင်း။

ထိုသို့ အလားအလာကောင်းသည့် ငါး၊ ပုစွန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်ပါက တွေ့ကြုံနေရသည့် အခက်အခဲများ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ကြီးလေးစင်း အပါအဝင် ရေချိုပိုင်ဆိုင်မှုသည် ကမ္ဘာ့နိုင်ငံများတွင် အဆင့် ၁၄ ရှိပါ ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းအနေဖြင့်လည်း ၃၂၈၂ ကီလိုမီတာပိုင်ဆိုင်မှုရှိပြီး ကမ်းရိုးတန်း၏ ရေသန့်ရှင်းမှု အနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် အဆင့် ၁၀ ရှိပါကြောင်း၊ ဗီယက်နမ် နိုင်ငံအနေဖြင့် မဲခေါင်မြစ်ကြီး တစ်စင်းနှင့် မြန်မာနိုင်ငံ မြေဧရိယာ၏ ၄၈ ရာခိုင်နှုန်းခန့်သာ ရှိသော် လည်း ငါးလုပ်ငန်းမှ ပြည်ပသို့ တင်ပို့သည့်တန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ဘီလီယံခန့် ရှိသော ကြောင့် မြန်မာနိုင်ငံမှ တင်ပို့နိုင်သည့်ပမာဏ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နှင့် နှိုင်းယှဉ်ပါက ၁၂ ဆကျော် ပိုမိုရရှိသည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့နိုင်ငံသည် ရေထွက်ပစ္စည်း သဘာဝအရင်းအမြစ် သယံဇာတများစွာ ရှိသော်လည်း ငါး၊ ပုစွန်များ ဖမ်းဆီးရေး လုပ်ငန်းတွင်သော်လည်းကောင်း၊ မွေးမြူရေး လုပ်ငန်းတွင် သော်လည်းကောင်း တန်ဖိုးမြှင့် Value added ထုတ်လုပ် ရာတွင်သော် လည်းကောင်း နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ခေတ်မီနည်းစနစ်၊ နည်းပညာများစွာ လိုအပ်လျက်ရှိနေ သေးသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်ပြီး ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် သင့်လျော်သည့်နေရာများ ရွေးချယ်ပြီး ရေသတ္တဝါ မွေးမြူရေးဇုန်များကို Master Plan ရေးဆွဲ၍ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း အကောင် အထည်ဖော် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခု ပန်းတနော် Ayeyarwaddy Integrated Food Industry Complex စီမံကိန်းသည်လည်း နိုင်ငံတကာဈေးကွက်ကို ထိုးဖောက် ပြီး ငါးမွေးမြူရေးလုပ်ငန်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ် တင်ပို့ ရောင်းချ နိုင်မည့် ကနဦးစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပံ့ပိုး ကူညီဆောင်ရွက် ပေးမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင် များအနေဖြင့်လည်း မိမိအကျိုးစီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင် ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေများနှင့် ဘက်စုံစီမံကိန်း အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရန် ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်း နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြကြရာ ဒုတိယသမ္မတ က ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် စီမံကိန်း ဧရိယာအတွင်း ငါးစာကျွေးခြင်း လုပ်ငန်း၊ ရေချိုငါးသား ဖောက်ခြင်းလုပ်ငန်း၊ ငါးတန်၊ ငါးဖြန်း ကန်ကျပ် မွေးမြူခြင်း လုပ်ငန်း၊ ငါးပြုပြင်ထုတ်လုပ်မှုနှင့် အခဲခံစက်ရုံ၊ အအေးခန်း သိုလှောင်ရုံ တည်ဆောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြသည်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာစေရန် Ayeyarwaddy Integrated Industry Complex အား ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ငါးမွေးမြူခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများကို ငါးမွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ရေထွက်ပစ္စည်း တိုးတက်ထုတ်လုပ်နိုင်ရန်၊ စိုက်ပျိုးရေး ထွက်ကုန်များ တန်ဖိုးမြှင့်ပြောင်းလဲထုတ်လုပ် ရန်၊ နိုင်ငံခြားပို့ကုန်ဝင်ငွေ (Export Earning) တိုးတက် လာနိုင်စေရန်၊ ကမ္ဘာ့လူသားများ စားနပ်ရိက္ခာ အထောက် အကူပြု သည့် စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာစေရန်၊ နိုင်ငံ့ဝင်ငွေတိုးပြီး အခွန်ငွေများကို တိုးမြှင့်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အမြောက်အမြား ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘက်စုံစီမံကိန်း သည် လက်ရှိမြေဧက ၉၀၀ ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်ကြောင်း၊ စီမံကိန်းပြီးစီးမည့် နောက်ငါးနှစ်တွင် အလုပ်အကိုင် ၆၀၀၀ ကျော် ဖန်တီးပေး နိုင်မည် ဖြစ်ပြီး ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းသဖြင့် အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေးစီမံကိန်းတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဘက်စုံစီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းစဉ်များ အနေဖြင့် ငါးသားပေါက် စခန်း တည်ထောင်ခြင်း၊ အသားတိုး မွေးမြူခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှုနှင့် အခဲခံ စက်ရုံနှင့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်ခြင်း၊ ငါးပေါင်းမှုန့်စက်ရုံ တည်ဆောက်ခြင်း၊ ငါးအစာစက်ရုံ တည်ဆောက်ခြင်း၊ ငါးရောဂါ၊ ရေအရည်အသွေး၊ အစာအရည်အသွေး၊ မျိုးရိုးဗီဇ၊ အစားအသောက်နှင့် ပတ်သက်သည့် လုပ်ငန်းများစမ်းသပ်ရန် ပါဝင်သော Laboratory တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးအဆောက်အဦ ဆောက်လုပ်ခြင်း၊ လမ်းနှင့် လုံခြုံရေး စနစ်၊ ခြံစည်းရိုးများ တည်ဆောက်ခြင်း၊ အရောင်းစင်တာ များ ဖွင့်လှစ်ခြင်းနှင့် CSR အနေဖြင့် ဝန်ထမ်းမိသားစုများ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအပြင် စီမံကိန်းအနီးရှိ ကျေးလက်ဒေသတောင်သူလယ်သမား ငါးမွေးမြူ တောင်သူများအား နည်းပညာများ ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။