စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန တို့ပူးပေါင်း ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ ကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက ပုသိမ်ဟိုတယ် ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းတွင်ပါဝင် ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်မည့်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စွမ်းအားမြှင့်မီးဖိုများအသုံးပြုမှုကိုလက်တွေ့ပြသပြီး စီမံကိန်းတွင် ပါဝင်အကောင်အထည် ဖော် ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ စီမံကိန်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပပြီး ပါဝင်တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းမှုကို စီမံကိန်းဒါရိုက်တာ နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
လူတို့၏ နေ့စဉ် ချက်ပြုတ်စားသောက်မှုတွင် ထင်းသုံးစွဲမှုလျော့ချနိုင် သဖြင့် သစ်တောပြုန်းတီးမှု နှင့် ကာဗွန်ထုတ်လုပ်မှုလျော့နည်းလာစေရန် စွမ်းအားမြှင့်မီးဖို သုံးစွဲလာကြစေရန် စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး ၏ မြို့နယ် ၂၆ မြို့နယ်ရှိ ကျေးရွာ ၉၅၈၈ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၈၆၄၀၀၀ တို့ ပါဝင်မည် ဖြစ်သည်။
အဆိုပါစီမံကိန်းကိုဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု ထက်ဝက်လျော့ချလာနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ် နိုင်ခြင်း၊ မြန်မာနိုင်ငံအတွက် Carbon Credit များ ရရှိလာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့ဆေးမားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများ အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ အပြင် ကျေးလက်ဒေသအခြေခံလူတန်းစားများ၏ အသက်မွေးဝမ်းကျောင်း ဘဝ တိုးတက်မြင့်မား လာစေရန် နှင့် လူမှုရေးအသိပညာပေး စောင့်ရှောက်မှုများ တိုးမြှင့် ပံ့ပိုးပေးနိုင်ရန် တို့ကိုမျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။